အဆိုပါ နိုင်ငံရေးရည်မှန်းချက်တွေ အပြည့်အဝ အောင်မြင်ရေး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနဲ့ ကြိုးပမ်းဆောင်ရွက်မည်ဟု ကတိပြုထားပါတယ်။
Duwun

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး နဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး နိုင်ငံရေးရည်မှန်းချက် (၄) ချက်ကို ချမှတ်လိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူတွေဟာ စစ်အာဏာ ရှင်စနစ်အောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြောင်း၊ နိုင်ငံတော်၏အချုပ်အခြာ အာဏာကို စစ်အာဏာရှင်များက လက်နက်အင်အား အသုံးပြုကာ သိမ်းယူခဲ့တာကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး ဖြစ်ကြောင်း၊ စစ်အာဏာရှင် အဆက်ဆက်ရဲ့ အာဏာအလွဲ သုံးစားပြုမှု၊ ကိုယ်ကျိုးရှာမှု၊ နိုင်ငံချစ်စိတ်ကင်းမဲ့မှုတို့ကြောင့် မြန်မာနိုင်ငံက ကမ္ဘာ့အလယ်မှာ ခေတ်နောက်ကျ ကျန်ရစ်တဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့ရတယ်လို့ ထုတ်ပြန်ကြေညာချက်မှာဖော်ပြပါတယ်။



စစ်တပ်က နိုင်ငံရေးမှာ ဦးဆောင်မှုအခန်းကဏ္ဍမှ အစဉ်တစိုက် ပါဝင်ကာ ဗိုလ်ကျ စိုးမိုးနိုင်ရေး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုခဲ့ကြောင်း၊ စစ်တပ်က ၎င်းတို့ရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကာကွယ်ထားတဲ့တိုင် ကျေနပ်မှုမရှိဘဲ မိမိတို့ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပင် ပြန်လည်ချိုးဖောက်ကာ စစ်အာဏာသိမ်းမှုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထပ်မံလုပ်ဆောင်ခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်ပေါင်းများစွာကြုံတွေ့လာခဲ့ရတဲ့ နိုင်ငံရေးပြဿနာတွေ၊ တိုင်းရင်းသားဒေသတွေမှာ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လက်နက်မဲ့ အရပ်သားပြည်သူလူထုအပေါ် လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှု၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ဖျက်ဆီးမှုများအားလုံးရဲ့ လက်သည်တရားခံမှာ စစ်တပ်က နိုင်ငံကို ဗိုလ်ကျစိုးမိုးလိုမှု နှင့် ယင်းအလိုဆန္ဒကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ကာကွယ်ထားမှုတို့ပင်ဖြစ်ကြောင်း CRPH ကထုတ်ပြန်ထားတာပါ။

ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ စစ်အာဏာရှင်စနစ်နဲ့ စစ်အာဏာသိမ်းသံသရာ ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ နိုင်ငံ တော်တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေး ရည်မှန်းချက် (၄) ချက်ကို ချမှတ်လိုက်တယ်လို့ ဒီကနေ့ မတ်လ (၅) ရက်မှာ ထုတ်ပြန်ကြေညာလိုက်တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အဆိုပါ နိုင်ငံရေးရည်မှန်းချက်တွေ အပြည့်အဝ အောင်မြင်စေရေးအတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့်အတူ လက်တွဲကာ မမှိတ်မသုန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေးနက်စွာ ကတိသစ္စာပြုအပ်တယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။


Author

  • Duwun

က္က