ပုဒ်မ-၅၀၅(က)နဲ့တရားစွဲဆိုခံရတဲ့ ဝန်ထမ်း ခုနှစ်ဦးရှိပြီး ပုဒ်မ-၅၀၅(ခ)နဲ့တရားစွဲဆိုခံရတဲ့ ဝန်ထမ်းက လေးဦး ရှိတယ်လို့ သိရပါတယ်။
Duwun

နေပြည်တော်ကောင်စီနယ်မြေက ဝန်ထမ်း ၁၁ ဦးကို သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာတွေမှာ တခြားဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာပါဝင်ဖို့ လှုံ့ဆော်ရေးသားခဲ့ကြတာကြောင့် ဒီနေ့ မတ် ၅ ရက်မှာ ဒက္ခိဏသီရိမြို့နယ်တရားရုံးက ပုဒ်မ-၅၀၅(က)၊ ၅၀၅(ခ)တို့နဲ့ တရားစွဲဆိုခဲ့ပါတယ်။

ပုဒ်မ-၅၀၅(က)နဲ့တရားစွဲဆိုခံရတဲ့ ဝန်ထမ်း ခုနှစ်ဦးရှိပြီး ပုဒ်မ-၅၀၅(ခ)နဲ့တရားစွဲဆိုခံရတဲ့ ဝန်ထမ်းက လေးဦး ရှိကာ အဲဒီ ဝန်ထမ်း ၁၁ ဦးထဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက ကိုးဦး၊ မြန်မာ့မီးရထားက တစ်ဦးနဲ့ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနက တစ်ဦးပါဝင်တယ်လို့ သိရပါတယ်။



"ဘယ်ဝန်ကြီးဌာနက ဝန်ထမ်းတွေကို ဘယ်ပုဒ်မနဲ့တရားစွဲတယ်ဆိုတာတော့ ဆက်လက်စုံစမ်းနေတုန်းပဲ။ တို့က သူတို့အကောင့်တွေကနေတဆင့် တခြားဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာပါဖို့ Post တင်တယ်။ သူတို့ရဲ့အသိဝန်ထမ်းတွေကိုလည်း Messenger ကနေစာတွေပို့တယ်။ ဒါ့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့အုပ်ချုပ်မှုယန္တရားရပ်တန့်သွားအောင် သတင်းအမှားတွေဖြန့်ဝေတယ်ဆိုပြီး ဒက္ခိဏသီရိမြို့မရဲစခန်းက စခန်းမှူးကတရားလိုလုပ်ပြီး အခုလိုတရားစွဲဆိုခဲ့တာပါ"လို့ တရားစွဲဆိုခြင်းခံရသည့် ဝန်ထမ်းများဘက်မှလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ယောက်ကပြောပါတယ်။

တရားစွဲဆိုခံရတဲ့ ဝန်ထမ်း ၁၁ ဦးကို လက်ရှိမှာ နေပြည်တော်အချုပ်ထောင်မှာထားရှိထားပြီး Video Conferencing နဲ့ဒီနေ့မှာ ပထမအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။ဒုတိယမြောက်ရုံးချိန်းကတော့ မတ် ၁၅ ရက်နေ့မှာ ပြုလုပ်မယ်လို့ သိရပါတယ်။ဒုတိယအကြိမ်ရုံးချိန်းမှာတော့ တရားစွဲဆိုခံရတဲ့ဝန်ထမ်းတွေ အာမခံရဖို့အတွက် ဆောင်ရွက်ပေးသွားမှာပါလို့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေကပြောပါတယ်။

အလွတ်တန်းသတင်းထောက် ကျော်သူပေးပို့ထားသော သတင်းဖြစ်ပါသည်။


Author

  • Duwun

က္က