CDM လှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်ခြင်းက နိုင်ငံ့ဝန်ထမ်းဥပဒေပါ ပြဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ရာမရောက်တယ်လို့ ထုတ်ပြန်ပါတယ်။

တရားမဝင် အာဏာသိမ်းစစ်ကောင်စီကို သစ္စာခံပြီး CDM မလုပ်တဲ့ဝန်ထမ်းတွေဟာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာရောက်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီကနေ့ မတ်လ (၇) ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက CDM လှုပ်ရှားမှုဆောင်ရွက်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အရေးယူဆောင်ရွက်ရာမှာ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၀ ပုဒ်မခွဲ (က)၊ နှင့် (ဆ) ပါ ပြဌာန်းချက်တွေကို လိုရာဆွဲ အဓိပ္ပါယ်ဖွင့်ဆိုပြီး မတရားစွပ်စွဲ အပြစ်ပေးအရေးယူနေကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ 



နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၀။ ပုဒ်မခွဲ (က) အရ နိုင်ငံ့ဝန်ထမ်းများသည် “ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း” ဆိုတာက ပြည်သူက ဒီမိုကရေစီနည်းလမ်းအရ တရားဝင်ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရ စီမံ အုပ်ချုပ်တဲ့ နိုင်ငံတော်ကိုသာ ကျေးဇူးသစ္စာ စောင့်သိရိုသေရန်ဖြစ်ကြောင်း၊ တရားမဝင် အာဏာသိမ်း စစ်ကောင်စီက ဥပဒေမဲ့ အာဏာလုယူ စီမံအုပ်ချုပ်နေတဲ့ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေဖို့ မလိုအပ်ကြောင်း (CRPH) ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ပုဒ်မ ၁၀။ ပုဒ်မခွဲ (ဆ) အရ နိုင်ငံ့ဝန်ထမ်းတွေ “ ပါတီနိုင်ငံရေး ကင်းရှင်းရမည်” ဆိုရာမှာ CDM လှုပ်ရှားမှု ဆောင်ရွက်ခြင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန့်ကျင်တော်လှန် ခြင်းသာ ဖြစ်ပြီး ပါတီအဖွဲ့အစည်းတစ်ခုခုရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခြင်းမဟုတ်တဲ့အတွက် ယင်းပြဌာန်းချက်နဲ့လည်း ငြိစွန်းမှုမရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့် နိုင်ငံ့ဝန်ထမ်းများအနေနဲ့ ပြည်သူ့အစိုးရကို သစ္စာခံခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်ခြင်းသည် နိုင်ငံ့ဝန်ထမ်းဥပဒေပါ ပြဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ရာ မရောက်ဘဲ၊ တရားမဝင်အာဏာသိမ်းစစ်ကောင်စီကို သစ္စာခံ၍ CDM လှုပ်ရှားမှု မဆောင်ရွက်တဲ့ ဝန်ထမ်းများ သာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်တယ်လို့ ကြေညာလိုက်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။



က္က