ဖမ်းဆီးထိန်းသိမ်းထားတဲ့ရဲကို လုံခြုံတဲ့နေရာမှာ ခေါ်ထားဟုဆို
Duwun

 ကယားပြည်နယ်လွိုင်ကော်မြို့မှာ ဆန္ဒပြည်သူတွေကို ရဲနဲ့စစ်တပ်က သေနတ်၊ မျက်ရည်ယိုဗုံး၊ အသံဗုံး စတဲ့ အင်အားမျိုးစုံသုံးပြီး ဖြိုခွင်းမှုတွေ လုပ်ခဲ့တယ်လို့ လွိုင်ကော်မြို့ သပိတ်စစ်ကြောင်း ဦးဆောင်သူ ကိုသိုက်က ပြောပြပါတယ်။

ဒီကနေ့ မတ်လ (၇) ရက်မနက်ပိုင်းက လွိုင်ကော်မြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ သပိတ်စစ်ကြောင်းကို ရဲနဲ့စပ်တပ်က လာရောက်ပိတ်ဆို့ပြီး အကြမ်းဖက်ဖြိုခွင်းရာမှာ ဒဏ်ရာရရသူအများအပြားရှိခဲ့ပေမယ့် ဘယ်နှစ်ဦးဒဏ်ရာရရှိခဲ့တာကို စိစစ်လို့ မရနိုင်သေးဘူးလို့လည်း ဆိုပါတယ်။

“ကျွန်တော်တို့ကိုယ်တိုင်က ထိပ်တိုက်တွေ့တာမရှိဘူး။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာကို သူတို့က လာဝိုင်းတာ။ အခုလောလောဆယ် ဖမ်းဆီးခေါ်ဆောင်ခံရတာမျိုးမရှိဘူး။ ဒဏ်ရာရတာတွေတော့ ရှိတယ်” လို့ သပိတ်စစ်ကြောင်း ဦးဆောင်သူ ကိုသိုက်က ဆိုပါတယ်။

ရဲနဲ့ စစ်တပ်က အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးမှုတွေ ပြုလုပ်ရာမှာ ဆန္ဒပြ ပြည်သူတွေဘက်က တစ်ဦးတစ်ယောက်မှ ဖမ်းဆီးခံခဲ့ရခြင်းမရှိဘဲ ရဲတပ်ဖွဲ့ဝင်တစ်ဦးကိုတော့ ဆန္ဒပြပြည်သူတွေက ဖမ်းဆီးထားသိမ်းထားတယ်လို့လည်း သိရပါတယ်။

“ ရဲနဲ့စစ်တပ်က ဝိုင်းရိုက်တယ်။ ဝိုင်းကန်တယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က တစ်ယောက်မှတော့ အဖမ်းမခံရဘူး။ ရဲတစ်ယောက်ကိုတော့ ကျွန်တော်တို့ ဖမ်းဆီးထိန်းသိမ်းထားတယ်။ ရဲတွေက သူတို့လူကို ပြန်ပေးဖို့ ပြောတယ်။ ကျွန်တော်တို့ ဖမ်းထားတဲ့ ရဲကို လက်ဖျားနဲ့တောင်မထိဘူး။ လုံခြုံတဲ့နေရာမှာ ခေါ်ထားတယ်” လို့ ဆန္ဒပြ သပိတ်စစ်ကြောင်း ဦးဆောင်သူ ကိုသိုက်က ဆိုပါတယ်။


Author

  • Duwun

က္က