တက္ကသိုလ်တွေမှာ စစ်တပ်က လာရောက်တပ်စွဲတာနဲ့ ပတ်သက်ပြီး မြို့ခံလူထုက လက်မခံဘဲ တက္ကသိုလ် တွေကနေ ပြန်လည်ထွက်ခွာဖို့ ပြောဆိုနေကြပါတယ်။
Duwun

ပြည်မြို့ရှိ ပြည်တက္ကသိုလ် Pyay University ၊ ပြည်နည်းပညာတက္ကသိုလ်Pyay Technology University နဲ့ ပြည်ကွန်ပျူတာတက္ကသိုလ်ကို ရဲနဲ့စစ်တပ်က လာရောက် တပ်စွဲထားတဲ့အပြင် ဆေးရုံတွေကိုပါ ဝင်ရောက်ရှာဖွေပြီး စောင့်ကြပ်မှုတွေပြုလုပ်ထားတယ်လို့ သိရပါတယ်။

" PTU ကိုတော့ မနက်အစောပိုင်း ၆ နာရီကျော်လောက် စစ်တပ်ကရောက်လာတယ်။တံခါးဖွင့်ခိုင်းလို့ ဖွင့်ပေးလိုက်ရတယ် ကြားတယ်။ အခုတော့ သူတို့တပ်စွဲထားတယ်။ ဂိတ်မှာ အစောင့်ရှိတယ်။လမ်းပေါ်မှာလည်း သံဆူးကြိုးနဲ့သစ်သားအတားအဆီးကို ဘယ်ညာချထားတယ်။အဲ့ဒီကြားထဲက သွားလာရတဲ့အနေအထားပါ"လို့ PTU အနီး ကျေးရွာသားတစ်ဦးကပြောပါတယ်။



စစ်တပ်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ ခုလို တက္ကသိုလ်တွေကို လာရောက်တပ်စွဲနေရာရယူတာနဲ့ပတ်သက်လို့ ကျောင်းသားအချို့၊ကျောင်းတာဝန်ရှိသူအချို့နဲ့ အခြေအတင်ပြောဆိုမှုတွေလည်းရှိခဲ့တယ်လို့ သိရပေမယ့် လက်ရှိမှာတော့ တက္ကသိုလ် ၃ခုစလုံးကို တပ်စွဲထားပါတယ်။

 ပြည်မြိုု့ကုတင် ၅၀၀ အထွေထွေရောဂါကု ဆေးရုံကြီးကိုလည်း စစ်တပ်နဲ့ ရဲက အခုမနက်မှာ ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့တဲ့အပြင် ပေါင်းတလည်မြို့နယ် ဆေးရုံကိုလည်း ဝင်ရောက်ရှာဖွေမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

"မနက် ရှစ်ခွဲလောက်ကပါ။ သူတို့ကဆေးရုံပေါ်တက်ရှာကြတာ။ သူတို့မနက်က လာရှာတာတော့ ခွဲစိတ်အထူးကုဆရာဝန်တစ်ယောက်ကိုရှာတာ။ အဲဒီအချိန်ကတည်းက ရှာပြီးကင်းချခဲ့တာပါ။ အခုသူတို့ ဂိတ်ပေါက်အတွင်းမှာ ရှိနေပါတယ်"လို့ ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံကြီးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းမှ ဒေသခံတစ်ဦးက ပြောပါတယ်။ 

တက္ကသိုလ်တွေမှာ စစ်တပ်က လာရောက်တပ်စွဲတာနဲ့ပတ်သက်ပြီး မြို့ခံလူထုက လက်မခံဘဲတက္ကသိုလ် တွေကနေ ပြန်လည်ထွက်ခွာဖို့ ပြောဆိုနေကြပါတယ်။ ဒီကနေ့ရန်ကုန် ကနေ ပြည်မြို့ အဝင်ဘက်ခြမ်းမှာ ဖြတ်သန်းသွားလာသူတွေကို စစ်တပ်နဲ့ရဲက စစ်ဆေးမှုတွေကိုလုပ်ဆောင်ခဲ့သလို၊ ကျန်တဲ့ မြို့ဝင်ပေါက်တွေမှာပါ စစ်ဆေးတာတွေကိုလုပ်ဆောင်နေပါတယ်။

ပြည်မြို့မှ ပေးပို့ထားသော သတင်းဖြစ်ပါသည်။


Author

  • Duwun

က္က