ကင်းစောင့်နေသူတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
Duwun

လမ်းမတော်မြို့နယ်မှာ မနေ့ မတ်လ (၆) ရက်ညပိုင်းက NLD ပါတီဝင် အချို့ နဲ့ ညပိုင်း ကင်းစောင့်သူတစ်ဦးကို ရဲနဲ့ စစ်တပ်က လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ လမ်းမတော်မြို့နယ် NLD ပါတီအလုပ်အမှုဆောင်အတွင်းရေးမှူး ဦးသိန်းဇော်က ပြောပါတယ်။

မနေ့ညပိုင်းက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ လမ်းမတော်မြို့နယ်အတွင်းက နေအိမ်အချို့ကို အိမ်တံခါးသော့တွေ ဖျက်ဆီးကာ ဝင်ရောက်ရှာဖွေခဲ့ပြီး မြို့နယ်နေပြည်သူ (၆) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ လမ်းအတွင်းမှာလည်း လေးခွတွေ ၊အသံဗုံးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။



လမ်းမတော်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ (၉) လမ်း၊အမှတ် (၄၂) မှာနေထိုင်တဲ့ NLD ပါတီ ရပ်ကျေးအတွင်းရေးမှူး ဦးခင်ဇော်ရဲ့ နေအိမ်ကို အိမ်တံခါးသော့ဖျက်ကာ ဝင်ရောက်ပြီး ဦးခင်ဇော် အပါအဝင် မိသားစုဝင်တွေ ဖြစ်တဲ့ ဒေါက်တာတင်အောင်မိုး၊ ဦးစိုးသူ၊ ဦးမောင်ထွေး ၊ လမ်းမတော်မြို့နယ်၊ (၁၀) လမ်း၊အမှတ် (၂၀)မှာ နေတဲ့ လမ်းကင်းစောင့်သူ ဦးသိန်းဝင်းနဲ့ မော်တင်ယာယီဈေးရပ်ကွက်နေ NLD စည်းရုံးရေးမှူး ဦးရွှေသန်း တို့ ကိုခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

“ ဘာကြောင့်ခေါ်သွားလဲ မသိဘူး။ သက်ဆိုင်ရာနယ်မြေရဲစခန်းမှာလည်း မထားဘူး။ ဘယ်မှာ ထားမှန်းလည်း မသိဘူး။ အခုက NLD ပါတီဝင်တွေကိုပဲ လိုက်ဖမ်းသွားတာ။ “ လို့ လမ်းမတော်မြို့နယ် NLD ပါတီအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးသိန်းဇော်က Duwun ကိုပြောပါတယ်။ စစ်တပ်နဲ့ ရဲတွေဟာ လမ်းမတော်မြို့နယ်က NLD ပါတီဝင်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းရှာဖွေမှုတွေ ပြုလုပ်ခဲ့သလို သံပုံးတီးတဲ့နေအိမ်တွေကိုလည်း အသံဗုံးတွေ၊ လေးဂွတွေနဲ့ ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

“ ပါတီဝင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းတဲ့သတင်းကြားတော့ ကျွန်တော်တို့က ရှောင်နေတာ။ မနေ့ညကဆို ကျွန်တော့်အိမ်ဆိုလည်း သော့တွေဖျက်ပြီး ဝင်ရှာခြင်းခံရတယ်။ သုံးနေတဲ့ ကွန်ပျူတာကိုလည်း ဖွင့်သွားတယ်။ စာရွက်စာတမ်းတွေလည်း ယူသွားတယ်။ ကျွန်တော်အပါအဝင် ကျွန်တော့်သားသမီးနာမည်တွေကိုလည်း မေးတယ်။ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာအိမ်ကိုလည်း သော့ဖျက်ပြီး ဝင်ရှာတယ်။ “ လို့ ပါတီအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးသိန်းဇော်ကဆိုပါတယ်။


Author

  • Duwun

က္က