"ကျွန်တော်တို့က ပြည်သူ့အစိုးရလက်ထဲကို အာဏာပြန်ရမှ အလုပ်ပြန်ဝင်မယ်"
Duwun

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ CDM လှုပ်ရှားမှုပါဝင်တဲ့ဝန်ထမ်းဦးရေဟာ ၈၀၀ နီးပါးလောက်ရှိပြီဖြစ်တယ်လို့ CDM Support Team(South Dagon) ထံကနေ စုံစမ်းသိရှိရပါတယ်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က CDM လှုပ်ရှားမှုမှာပါဝင်တဲ့သူများက ကျန်းမာရေးဌာနက ဝန်ထမ်း ၄၈ ယောက်၊ လျှပ်စစ်ဌာနက ဝန်ထမ်း ၆၃ ယောက်၊ ယဥ်ကျေးမှုတက္ကသိုလ်က ဆရာ၊ဆရာမ ၉၀ ယောက်၊ပညာရေးဌာနက ဆရာ၊ဆရာမ ၄၀၇ ယောက်၊မြန်မာ့မီးရထားက ဝန်ထမ်း ၁၀၇ ယောက်၊ စီမံကိန်းဌာနက ဝန်ထမ်း ၁၅ ယောက်၊ လူမှုဖူလုံရေးဌာနက ဝန်ထမ်းငါးယောက်၊ မြန်မာ့စာတိုက်က ဝန်ထမ်းငါးယောက်၊ ရဲတပ်ဖွဲ့ဝင်နှစ်ယောက်၊ စည်ပင်ဝန်ထမ်း ၄၂ ယောက်နဲ့မြန်မာ့စီးပွားရေးဘဏ်က ဝန်ထမ်း လေးယောက်(စုစုပေါင်း ၇၈၈)ယောက်တို့ဖြစ်ပါတယ်။



 "CDM လှုပ်ရှားမှုမှာပါဝင်တဲ့ဝန်ထမ်းတွေအကုန်လုံးက သူတို့ရဲ့သဘောဆန္ဒအလျောက် ကျွန်တော်တို့နဲ့အတူပူးပေါင်းပါဝင်လာတာဖြစ်ပါတယ်၊အဲဒီ ဝန်ထမ်းတွေကိုထောက်ပံ့ပေးနေတဲ့ အဖွဲ့ကသပ်သပ်ရှိပါတယ်။ ဝန်ထမ်းတွေသူတို့ ရုံးမှာရနေတဲ့လစာအတိုင်းထောက်ပံ့ပေးထားတယ်လို့သိရတယ်။ ကျွန်တော်တို့ကလည်း အဲဒီဝန်ထမ်းတွေကို နှစ်ကြိမ်တိုင်တိုင် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ဆီ၊ဆား၊ငရုတ်၊ကြက်သွန်နဲ့ သပိတ်စစ်ကြောက်းကိုဖြိုခွင်းခံရချိန်မှာ ဒဏ်ရာရတဲ့သူတွေကို ဒဏ်ရာအနည်းအများပေါ်မူတည်ပြီးဆေးကုသစရိတ်ထောက်ပံ့ပေးနေပါတယ်"လို့ CDM Support Team(South Dagon)ကတာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

 CDM လှုပ်ရှားမှုမှာပါဝင်လာတဲ့ ဝန်ထမ်းတစ်ဦးကတော့ ဘယ်လိုပဲဖြစ်နေနေ ပြည်သူ့အစိုးရအာဏာပြန်မရမချင်း CDM ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ "ကျွန်တော်တို့က တပ်မတော်ရဲ့မတရားသဖြင့် အာဏာသိမ်းတာကိုမကျေနပ်လို့ အခုလို CDM လှုပ်ရှားမှုမှာပါဝင်ကြတာပါ။ ကျွန်တော်တို့က ပြည်သူ့အစိုးရလက်ထဲကို အာဏာပြန်ရမှ အလုပ်ပြန်ဝင်မယ်။ ပြည်သူ့အစိုးရလက်ထဲကိုအာဏာပြန်မရမချင်းအလုပ်မလုပ်ဘူး။ CDM ဆက်လုပ်သွားမယ် အလုပ်ဖြုတ်လည်းဘာမှမဖြစ်ဘူး။ အခုဆိုရင် CDM လုပ်တဲ့ဝန်ထမ်းတွေများလာပြီ။ ဒါက အားတစ်ခုပဲ CDM လုပ်တဲ့ဝန်ထမ်းအကုန်လုံးကို ဂုဏ်ပြုကြိုဆိုတယ်"လို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတစ်ယောက်ကပြောပါတယ်။

CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းများကို မူရင်းလစာအတိုင်း ရရှိအောင် ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းရှိသလို CDM Support Team (South Dagon) ကတော့ CDM လှုပ်ရှားမှုမှာပါဝင်ပြီး ငွေကြေးအခက်အခဲရှိတဲ့ဝန်ထမ်းတွေကို ငွေကြေးထောက်ပံ့ပေးတာ CDM လုပ်လို့ နေစရာအခက်အခဲရှိတဲ့ဝန်ထမ်းတွေကို နေစရာပေးတာ သပိတ်စစ်ကြောင်းမှာဖမ်းဆီးထိန်းသိန်းခံရသူတွေကို ဥပဒေကြောင်းအရအခမဲ့ရှေ့နေလိုက်ပေးတာ CDM လှုပ်ရှားမှုမှာပါတဲ့ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် ၂၄ နာရီလုံခြုံရေးစောင့်ကြည့်ကာကွယ်ပေးတာတွေကို လုပ်ဆောင်ပေးတယ်လို့ သိရပါတယ်။ 

CDM ဝန်ထမ်းတွေကို စားဝတ်နေရေးမခက်ခဲအောင်နဲ့ မူရင်းလစာအတိုင်း ရရှိအောင် တိုင်းအလိုက်၊ မြို့နယ်အလိုက် စီီမံဆောင်ရွက်မှုတွေကိူ အဖွဲ့အစည်းအသီးသီးက တာဝန်ယူဆောင်ရွက်နေတယ်လို့လည်း ဝန်ထမ်းများထံက စုံစမ်းသိရှိရပါတယ်။

အလွတ်တန်းသတင်းထောက် ကျော်သူ ပေးပို့သော သတင်းဖြစ်ပါတယ်။


Author

  • Duwun

က္က