အလောင်းလုမှာစိုးရိမ်တဲ့အတွက် မိသားစုက ဈာပနကျင်းပပြီး မီးသင်္ဂြိုလ်တယ်လို့ သိရပါတယ်။
Htar Htar Wai

မကွေးတိုင်းဒေသကြီး ထီးလင်းမြို့မှာ မနေ့ညက ပစ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့တဲ့ အသက်၂၃နှစ်အရွယ် ကိုအောင်မြတ်လင်းရဲ့ ဈာပနကို ဒီကနေ့မနက်ပိုင်း သူ့ရဲ့ ဇာတိရွာ ထီးလင်းမြို့ ၊ ထန်းပင်ကုန်းမှာ ပြုလုပ်ခဲ့ပြီး မီးသင်္ဂြိုလ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ရဲစခန်းက ပစ်ခတ်မှုကြောင့် သေဆုံးတာဖြစ်ပြီး အလောင်းကို လာရောက်တောင်းယူမှာစိုးတဲ့အတွက် မိသားစုက ဒီကနေ့ သင်္ဂြိုလ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဒေသခံတစ်ဦးက Duwun ကို ပြောပါတယ်။



Photo-Sithu Aung (ယနေ့မနက် ထီးလင်းမြို့၊ထန်းပင်ကုန်းရွာက ကိုအောင်မြတ်လင်းရဲ့ ဈာပနအခမ်းအနား)

" အခုပဲ သေဆုံးသွားသူကို မီးသင်္ဂြိုလ်လိုက်ပြီ ခင်ဗျ။ Dead Body ကို ရဲစခန်းက လာလုမှာစိုးလို့လေ။မနက် ၁၀နာရီလောက်ပဲ မီးသင်္ဂြိုလ်လို့ ပြီးပါတယ်။ သူ့ရွာ ထန်းပင်ကုန်းမှာပဲ ဈာပနလုပ်တာပါ။ မိသားစုရဲ့ ခွင့်ပြုချက်နဲ့ ရွာက လူတွေအားလုံးရဲ့ သဘောတူညီချက်နဲ့ ကျင်းပလိုက်တာဖြစ်ပါတယ် " လို့ ဒေသခံတစ်ဦးက Duwun ကို ပြောပါတယ်။

မတ်လ ၇ရက် တနင်္ဂနွေနေ့ ညပိုင်းမှာ ဖမ်းဆီးထားသူတစ်ဦးကို ပြန်လွှတ်ပေးဖို့ ကိုအောင်မြတ်လင်းအပါအဝင် လူနှစ်ရာဝန်းကျင်က ရဲစခန်းရှေ့မှာ သွားရောက်တောင်းဆိုကြစဥ် ရဲတပ်ဖွဲ့က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ရာ ကိုအောင်မြတ်လင်းမှာ ရင်ဘတ်ထိမှန်ပြီး သေဆုံးသွားရခြင်းဖြစ်ပါတယ်။

" ထီးလင်းက ကိုအောင်ကောင်းမြတ်ကို ၈နာရီလောက်မှာ ဆွဲတယ်ခင်ဗျ။ အဲဒါကို ဒီက ပြည်သူလူထုက စုပြီး ဆေးရုံနဲ့ရဲစခန်းစပ်ကြားလောက်မှာ တောင်းဆိုနေတာ ၁၀မိနစ်မကြာဘူး ဖြိုခွင်းခံလိုက်ရတာခင်ဗျ။ ပထမဆုံး မီးကျည်ပစ်တယ်။ ပြီးတော့ အသံဗုံးသုံးတယ်။ ပြီးတော့ မျက်ရည်ယိုဗုံးသုံးတယ်။ ပြီးတော့ ရာဘာကျည်ပစ်တယ်။ ရာဘာကျည်နဲ့ အသံဗုံးပစ်တဲ့ကြားထဲမှာကို ကျည်အစစ်တွေပါ ရောပြီးပစ်တော့တာ ခင်ဗျ။ အဲဒီမှာ ရင်ဘတ်ထိပြီး ပွဲချင်းပြီး ဆုံးတာခင်ဗျ " လို့ ဒေသခံတစ်ဦးက Duwun ကို ပြောပါတယ်။

Photo-Sithu Aung (မနေ့ည ပစ်ခတ်မှုမှာ ဒဏ်ရာရရှိသူများ)

ညက အဆိုပါပစ်ခတ်မှုကြောင့် အသက်၂၃နှစ်အရွယ် ကိုအောင်မြတ်လင်းသေဆုံးခဲ့သလို ပေါင်ထုတ်ချင်ပေါက် ဒဏ်ရာရရှိသူ နှစ်ဦး ၊ ရာဘာကျည်ထိမှန်သူ ခုနှစ်ဦးခန့်ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးသွားသူ ကိုအောင်ကောင်းမြတ်ရဲ့ သတင်းကိုလည်း မရရှိသလို သေဆုံးသူ ကိုအောင်မြတ်လင်းရဲ့ ဈာပနကို လူငယ်တွေသွားရောက်ဝန်းရံနေတာကြောင့် ဒီကနေ့မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ပြုလုပ်ခြင်းမရှိဘူးလို့ သိရပါတယ်။


Author

  • Htar Htar Wai

က္က