CDM လုပ်ချင်တဲ့သူတွေအတွက်လည်း အမြဲတံခါးဖွင့်ထားမယ်လို့ ဆိုပါတယ်။
Duwun

နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားခဲ့ကြတဲ့ အာဇာနည်၊ သူရဲကောင်းတွေအတွက် ဝမ်းနည်းတဲ့ အနေနဲ့ ဂုဏ်ပြုအထိမ်းအမှတ် အနေနဲ့ အချိန်ကာလ တစ်လသတ်မှတ်လိုက်တယ်လို့ CRPH ရဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ကြေညာလိုက်ပါတယ်။

ဒီနေ့မတ်လ (၈) ရက်နေ့မှာ ဒေါက်တာဇော်ဝေစိုးက အချက် (၂) ချက် ကြေညာခဲ့တာဖြစ်ပြီး ပထမအချက်အနေနဲ့ CDM လုပ်ချင်တဲ့ သူတွေအတွက် အမြဲတံခါးဖွင့်ထားမှာဖြစ်ပြီး ဝင်ချင်တဲ့သူ ၊ အမှန်တရားဘက်ကို မြင်လာတဲ့သူတွေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဓမ္မမှုနဲ့ မတရားမှုကို သိလျက်နဲ့ ထောက်ပံ့နေသူတွေ၊ CDM မလုပ်တဲ့သူတွေကို ဖယ်ကျဉ်ထားရမယ်လို့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။



ဒုတိယအချက်အနေနဲ့ အသက်ပေးသွားခဲ့တဲ့ အာဇာနည်တွေအတွက် ဂုဏ်ပြုကာလ တစ်လ သတ်မှတ်လိုက်ပြီး မတ်လ (၁၂) ရက်ကနေ ဧပြီလ (၁၁) ရက်အထိ ဖြစ်ကြောင်း၊ မမြသွဲ့သွဲ့ခိုင် သေနတ်နဲ့ အပစ်ခတ်ခံခဲ့ရတဲ့ ဖေဖော်ဝါရီ (၁၂) ရက်ကို အမှတ်ရတဲ့အနေနဲ့ (၁၂) ရက်နေ့ကစ သတ်မှတ်လိုက်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဒီတစ်လအတွင်းမှာ ဝမ်းနည်းတဲ့အထိမ်းအမှတ်အနေနဲ့ အလံတိုင် တဝက်လွှင့်ထူခြင်း၊ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ သာသာအသီးသီးက အခမ်းအနားတွေ ကျင်းပတာ၊ ကုသိုလ်ပွဲတွေကျင်းပတာ၊ မီးထွန်းဆုတောင်းပွဲတွေ ညမှာကျင်းပတာ၊ ကမ္ဘာမကြေဘူးနဲ့ သွေးသစ္စာသီချင်းကို မနက်တိုင်း (၉) နာရီမှာ သံပြိုင်သီဆိုတာ၊ ဆန္ဒမပြမီ တစ်မိနစ် ငြိမ်သက်ပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလေးပြုတာ၊ အထိမ်းအမှတ်ကျောက်စာတွေ စိုက်ထူတာ စသဖြင့်လုပ်သွားမယ်လို့ ဆိုပါတယ်။

အသက်ပေးပြီးတိုက်ပွဲ ဝင်ခဲ့ကြတဲ့ အာဇာနည်တွေအတွက် စစ်အာဏာရှင်လုံးဝအပြတ်ချေမှုန်းရေးကို မရမချင်း၊ မအောင်မြင် မချင်း အသက်ပေးပြီး တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုကြောင်း ဝန်ကြီးက ပြောကြားထားတာပါ။ အခုဆို CRPH အနေနဲ့ အခြေအနေကောင်းနေပြီး တိုင်းရင်းသားတွေနဲ့လည်း ဆွေးနွေးပြီး တစ်စိတ်ထဲ တစ်ဝမ်းထဲနဲ့ ဘုံရည်မှန်းချက်နဲ့ ဘုံရန်သူကို ရှင်းလင်းဖို့ အားလုံးသဘောတူကြကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အသိပေး ပြောကြားထားပါတယ်။


Author

  • Duwun

က္က