ဆန္ဒပြသပိတ်စစ်ကြောင်းတွေကို နေရာခွဲပြီးလုပ်ဆောင်ခဲ့ပေမယ့်လည်း နေရာစုံမှာ ဖြိုခွဲခံလိုက်ရတာဖြစ်ပါတယ်။
Duwun

ဒီကနေ့ မတ်လ ၈ ရက်နေ့မနက်ပိုင်းက ပြည်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြ ခြေကျင်သပိတ်စစ်ကြောင်းတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက်ဖြိုခွင်းမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

မနက်က ပြည်မြို့အကြမ်းဖက်ခံရမှုဖြစ်စဉ်မှာ စုစုပေါင်း ကျောင်းသားပြည်သူ အယောက်၂၀ ကျော် အဖမ်းခံခဲ့ရပြီး တချို့လူတွေမှာ ရာဘာကျည်ထိမှန်ထားသလို ရိုက်နှက်အဖမ်းခံခဲ့ကြရတာဖြစ်တယ်လို့ ဆန္ဒပြသူတစ်ဦးကပြောပါတယ်။ ဖမ်းဆီးခံလိုက်ရသူတွေထဲမှာ နေအိမ်ထဲအထိ ဝင်ရောက်ဖမ်းခံရသူတွေပါနေတယ်လို့ သိရပါတယ်။



"တီကျစ်ဆုံလမ်းမှာ စစ်တပ်က လိုက်လံဖမ်းဆီးတယ်၊ရာဘာကျည်နဲ့ပစ်ခတ်တယ်။ ကိုထက်ဝေအောင်ကို ကျည်ဆံထိမှန်ပြီး လဲသွားစဉ် ရဲမေက ခြေထောက်နဲ့ မျက်နှာကို ပြေးကန်ပီး ရဲနှင့်စစ်သား (၃)ယောက်က သေနတ်ချိန်ပီးခေါ်သွားတယ်။ခေါ်သွားချိန်လည်း ဝိုင်းဝန်းရိုက်နှက်ခေါ်ဆောင်သွားတာဖြစ်တယ်"လို့ မျက်မြင်ကြုံတွေ့လိုက်ရတဲ့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီအကြမ်းဖက်ဖြစ်စဉ်မှာ စစ်တပ်နဲ့ရဲက လမ်းဘေးရပ်ထားတဲ့ ဆိုင်ကယ်တွေကိုလည်း ကားနဲ့တင်ဆောင်သွားတာတွေရှိခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြသူတွေကိုဖမ်းဆီးရာမှာ အချုပ်ကားအစား ခရီးသည်တင်လိုင်းကားကို အသုံးပြုပြီးခေါ်ဆောင်ခဲ့ပါတယ်။

"12 V ရာဘာကျည်ပစ်လို့ လဲကျခဲ့တဲ့နှစ်ယောက်အရိုက်ခံရတယ်။ အဲ့ဒီနှစ်ယောက်ကို ကားနဲ့ဖမ်းသွားတယ်ဗျ၊၊ ပြည်တက္ကသိုလ်ကျောင်းသားသမဂ္ဂက ကိုသော်ဇင်ထွန်းပါသွားပါတယ်။ အဲ့ဒီငါးယောက်ထဲမှာပါပဲ။ ဒီနေ့ထွက်တာသပိတ်စစ်ကြောင်း ၅ခုလောက်ရှိတယ်။ရွှေတောင်နဲ့ပြည် ဆွဲတဲ့လိုင်းကားတဲ့ လူတွေကို ဖမ်းတာ"လို့ ဆန္ဒပြ သူတစ်ဦးကပြောပါတယ်။ 

ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ပြည်မြို့က. ကျောင်းသားတွေနဲ့ လူထုသည် အကြမ်းဖက်ဖြိုခွဲမှုကို ရှောင်နိုင်ဖို့အတွက် ဆန္ဒပြ သပိတ်စစ်ကြောင်းတွေကို နေရာခွဲပြီးလုပ်ဆောင်ခဲ့ပေမယ့်လည်း နေရာစုံမှာ ဖြိုခွဲခံလိုက်ရတာဖြစ်ပါတယ်။


Author

  • Duwun

က္က