နေပြည်တော် သတင်းရဲတပ်ဖွဲ့က ရဲတပ်သားလေးဦး CDM မှာပါဝင်ပြီး တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
Htar Htar Wai

နေပြည်တော် သတင်းရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားလေးဦးက လက်ရှိအာဏာသိမ်းဖြစ်စဉ်ကာလမှာ ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကြောင့် ရဲတွေ ဂုဏ်သိက္ခာ ကျဆင်းနေရတဲ့အတွက် မတ်လ ၃ရက်က စတင်ပြီး CMD လုပ်ကြောင်း ကြေညာခဲ့တယ်လို့ သိရပါတယ်။

ယခင်က ရဲယူနီဖောင်းဝတ်ရတာ ဂုဏ်ယူခဲ့ပေမယ့် လက်ရှိကာလမှာ ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် လူတောမတိုးရဲဘဲ အရှက်ရတဲ့အတွက် CDM လုပ်ဆောင်ရတာဖြစ်တယ်လို့ ရဲတပ်သားတစ်ဦးက Duwun ကို ပြောပါတယ်။



" ကျွန်တော်တို့က ၃ရက်နေ့ ၃လ ၂၀၂၁မှာ CDM စလုပ်တယ်။အခုလိုဖြစ်နေတဲ့အရာတွေက ကျွန်တော်တို့ကို လူကြားထဲမှာ ဘယ်လိုမှ မဝင်ရဲအောင်ဖြစ်နေတယ် ။အရင်က ယူနီဖောင်း ဝတ်ထားရင် ကိုယ့်ကိုယ်ကို ဂုဏ်ယူနေခဲ့တာ။အခုတော့ ဒီယူနီဖောင်းကို ဝတ်ရမှာကို တော်တော်ရှက်နေပြီ ။ အဲဒီအတွက် ပြည်သူလူထုနဲ့အတူ အခုပစ်ခတ်နေတာတွေကိုလည်း မခံစားနိုင် တော့လို့ အမှန်တရားဘက်ကို ရပ်တည်လိုက်တာ " လို့ နေပြည်တော် သတင်းရဲတပ်ဖွဲ့က CDM ရဲတပ်သားက Duwun ကို ပြောပါတယ်။

နေပြည်တော် သတင်းရဲတပ်ဖွဲ့မှာ တာဝန်ယူနေစဉ်ကလည်း လုပ်ကိုင်ရတဲ့အလုပ်က ဒီဖြစ်စဉ်တွေနဲ့ သက်ဆိုင်မှုမရှိပေမယ့်လည်း လက်ရှိဖြစ်စဉ်မှာ ရဲတပ်ဖွဲ့က ကြားညပ်ပြီး ပြည်သူလူထုနဲ့ ရဲတပ်ဖွဲ့အကြား ဆက်ဆံရေး အများကြီးထိခိုက်နေတယ်လို့ ဆိုပါတယ်။

" ကျွန်တော်တို့က ရုံးချုပ်ဆိုတော့ ရုံးပဲတက်နေခဲ့ရတာ။အခုဖြစ်နေတာတွေနဲ့ ကျွန်တော်တို့လုပ်ရတာတွေက ပါဝင်ပတ်သက်မှုတော့ မရှိဘူး။ဒါပေမယ့် မြင်တွေ့နေရတာတွေ ၊ အခုလက်ရှိ ဖြစ်နေတာတွေက ရဲတပ်ဖွဲ့ကို အများကြီးထိခိုက်စေတယ်၊ ပြည်သူလူထုနဲ့ကြားမှာ။ ကိုယ်တိုင်ပါဝင်မလုပ်ခဲ့ပေမယ့် ယူနီဖောင်းဝတ်ထားတဲ့အတွက် အကုန်လုံးနဲ့သက်ဆိုင်တယ်လို့ ထင်လို့ ပါ။ အဲဒါကြောင့် CDM လုပ်ဖြစ်တာပါ။ အခုက ရဲတပ်ဖွဲ့က ကြားညပ်နေပြီ။ ဒါကြောင့် အမှန်တရားဘက်က ရပ်တည်ပြီး ကိုယ့်တပ်ဖွဲ့အတွက် ဒီလိုလူတွေရှိသေးတယ်ဆိုတာ သိစေချင် ပါတယ်။အမှန်တရားဘက်မှာ ရပ်တည်သူတွေရှိတယ်ဆိုတာ သိစေချင်လို့ပါ " လို့ CDMပြုလုပ်တဲ့ ရဲတပ်ဖွဲ့ဝင်က Duwun ကို ပြောပါတယ်။

နေပြည်တော် သတင်းရဲတပ်ဖွဲ့က ရုံးချုပ်ဖြစ်တဲ့အတွက် ရဲဝန်ထမ်းအင်အားအများအပြားရှိပေမယ့်လည်း CDM ပြုလုပ်ပြီးတဲ့နောက် တိမ်းရှောင်နေရတဲ့အတွက် မိမိတို့လေးဦးအပြင် နောက်ထပ် CDM ပြုလုပ်သူ ရှိမရှိကိုတော့ သိရှိရခြင်းမရှိဘူးလို့ အဆိုပါ ရဲဝန်ထမ်းက Duwun ကို ပြောပါတယ်။


Author

  • Htar Htar Wai

က္က