ဖြိုခွင်းမှုကြောင့် ကျည်ထိမှန်သူ ငါးဦးရှိပြီး တစ်ဦးသေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံက အတည်ပြုပါတယ်။
Htar Htar Wai

ဒီနေ့ မတ်လ ၈ရက် နေ့လယ် တစ်နာရီဝန်းကျင်မှာ ဖျာပုံမြို့၊ သာစည်ဘုရားကြီးအနီး ဆန္ဒဖော်ထုတ်နေတဲ့ လူအုပ်ကို ရဲတပ်ဖွဲ့ အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ကျည်ထိမှန်မှုကြောင့် တစ်ဦးသေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံတစ်ဦးက Duwun ကို ပြောပါတယ်။

" ဖြိုခွင်းမှုက တစ်နာရီ ဆယ့်ငါးမိနစ်ဝန်းကျင်လောက်မှာ ဖြစ်တယ်။ဖျာပုံမြို့ သာစည်ဘုရားကြီးရဲ့ အနီးက လက်ဖက်ရည်ဆိုင်ရှေ့မှာပါ။မျက်ရည်ယိုဗုံးရော အသံဗုံးရော ကျည်အစစ်ရော ရာဘာကျည်ရော ခဲကျည်တွေရောပါတယ်လို့ ပြောတယ်။ကျွန်တော်က အဲဒီအနားရှိပြီး မျက်ရည်ယိုဗုံးပစ်တဲ့အချိန် ပြေးရတာ ။ ပစ်တာက အချက် ၈၀ နီးနီးရှိတယ်။ ငါးဦးထိမှန်တယ်လို့ ကြားတယ်။ တစ်ဦးက ချက်ချင်းဆုံးတယ်။ တစ်ဦးက ရန်ကုန်ကို ဆေးရုံပို့ဖို့လုပ်တာ စိုးရိမ်ရတယ်။ အိမ်ပြန်ခေါ်လာတယ်လို့လည်း ကြားတယ်" လို့ ဖျာပုံမြို့ ဒေသခံတစ်ဦးက Duwun ကို ပြောပါတယ်။



ဓာတ်ပုံ-ဖျာပုံဒေသခံ( သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးသူ ကိုသီဟဦး)

ဖြစ်စဉ်က ဖျာပုံမြို့မှာ မနက်ခင်းက ဖမ်းဆီးမှုတွေရှိခဲ့တာကြောင့် ဖမ်းဆီးခံရသူတွေကို လွှတ်ပေးဖို့ ရဲစခန်းကို လူထုက သွားရောက်တောင်းဆိုခဲ့ပြီး ညနေမှာ ပြန်လွှတ်ပေးမယ် ဆိုတာ ကြောင့် လူထုက နောက်ပြန်လှည့်ချိန်မှာ ရဲစခန်းက မိုးပေါ်ထောင်ပစ်ခတ်ရာကနေ စတင်ခဲ့တယ်လို့ သိရပါတယ်။

" မြို့မှာ မနက်က ဖမ်းသွားတယ်။ အဲဒါပြန်လွှတ်ဖို့တောင်းဆိုတော့ လူအုပ်နဲ့ရဲနဲ့ ညှိလိုက်တော့ ညနေလေးနာရီကို လွှတ်ပေးမယ်။ အဲဒါနဲ့ လူအုပ်က ပြန်ကွေ့ပြီး သွားတဲ့အချိန် ရဲက မိုးပေါ် ထောင်ပြီး နှစ်ချက်ဖောက်တယ်။ အဲဒီတော့ လူအုပ်က ပြန်ပြီးစုမိတယ်။ လမ်းကို အတားအဆီးနဲ့ပိတ်ပြီး ပြန်မလွှတ်ပေးမချင်း မပြန်ကြတော့ဘူးဆိုပြီး တောင်းဆိုတယ်။ မကြာဘူး အသံဗုံး ဖောက်တယ်။ ပြီးတော့ မျက်ရည်ယိုဗုံး ပစ်တယ်။ တစ်ယောက် မျက်ရည်ယိုဗုံးထိတော့ ကျွန်တော်လည်း ပြေးလာရတယ် " လို့ ဖျာပုံမြို့ ဒေသခံတစ်ဦးက Duwun ကို ပြောပါတယ်။

ဓာတ်ပုံ-ဖျာပုံဒေသခံ( သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် စိုးရိမ်ရဒဏ်ရာဖြင့် ကိုသားသားကြီး)

လက်ရှိမှာတော့ အဆိုပါအကြမ်းဖက် ဖြိုခွင်းမှုကြောင့် ရင်ဘတ်ကျည်ထိမှန်သူ နှစ်ဦးထဲက အသက် ၃၀ အရွယ် ကိုသီဟဦး ကွယ်လွန်ခဲ့ပြီး ကိုသားသားကြီးကတော့ စိုးရိမ်ရတဲ့အခြေအနေနဲ့ ကုသမှုခံယူနေပြီး အခြားဒဏ်ရာရရှိသူတွေကိုလည်း ကုသနေဆဲဖြစ်တယ်လို့ သိရပါတယ်။


Author

  • Htar Htar Wai

က္က