မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်ဆက်တိုက် တိုက်ကြီးမြို့မှာ ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့ပြီး အနည်းဆုံး၂၅ ဦး အဖမ်းခံခဲ့ရပါတယ်။
Duwun

မနေ့ (မတ်လ ၈ ရက်) မနက်ပိုင်း တိုက်ကြီးမြို့က ဆန္ဒပြလူထုသပိတ်ဖြိုခွဲ မှုမှာ လူ ၅ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရပြီး ဘယ်မှာထိန်းသိမ်းထားသလဲဆိုတာကိုတော့ မသိရှိရသေးဘူးလို့ သိရပါတယ််။ မနေ့က တိုက်ကြီးမြို့အကြမ်းဖက်ဖြိုခွင်းမှုမှာလည်း ဖမ်းဆီးခံလိုက်ရတဲ့ လူ ၂၀ ရှိခဲ့ပြီး ဖမ်းဆိးခံရသူတွေနဲ့ မိသားစုတွေ ခုချိန်ထိ တွေ့ခွင့်မရရှိသေးဘူး လို့သိရပါတယ်။

"ဒီနေ့ အကြမ်းဖက်မှုမှာ အဖမ်းခံရတယ်ဆိုပြီး စာရင်းပေးတာ ၅ ဦးတော့ ရှိထားတယ်။မျက်မြင်တွေ့ရှိမှုတွေမှာတော့ ၅ ဦးထက်မနည်း ဖမ်းခံရတာတွေရှိတယ်။ ဘာမှမဆိုင်တဲ့ ဝပ်ရှော့က ကလေးတွေကိုပါဖမ်းတာတွေရှိခဲ့တယ်။ပြီးတော့ မနေ့က ဖမ်းခံရသူပေါ့။ ဖမ်းခံရတာ ၂၀ ကျော်ဆိုပေမယ့် ဦးဇင်းဆီ ၂၀ ပဲရောက်တယ်။ လာစာရင်းပေးတာပေါ့။ သိရသလောက် အင်းစိန်မှာလို့ဆိုပေမယ့် ခုထိမတွေ့ရသေးတော့ ရာနူန်းပြည့်တော့မသေချာတဲ့သဘောရှိနေတယ်"လို့ တိုက်ကြီးက အကြမ်းဖက် ခံရမှုမှာ ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေတဲ့ ဆရာတော်ကပြောပါတယ်။



မတ်လ ၇ ရက်နေ့ကတိုက်ကြီးမြို့မှာ ဖြိုခွင်းခံရစဥ် ဒဏ်ရာရသူများကို ကြည့်ရှုခွင့်ရဖို့ တောင်းဆိုနေစဥ်

 တိုက်ကြီးမြို့ သပိတ်အကြမ်းဖက်ဖြိုခွင်းမှုမှာ စစ်တပ်နဲ့ရဲက ရပ်ကွက်တွေထဲအထိ လိုက်လံပစ်ခတ်ခဲ့ပြီး နေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဖမ်းဆီးခံလိုက်ရသူရဲ့ မိသားစုဝင်တစ်ဦးက" အိမ်ကကလေးက မီးရထားဝန်းမှာနေတယ်။ သူက ဆန္ဒပြတဲ့အထဲလည်းမပါဘူး။ သူ့ဘာသာ လိုင်းခန်းမှာ ဖုန်းအားသွင်းနေတုန်းကို ဝင်ဆွဲသွားတယ်။အငယ်ကောင်ကတော့ မြင်တော့ ထွက်ပြေးတော့ လွတ်သွားတာ"လို့ ပြောပါတယ်။

ဒီကနေ့ မတ်လ ၈ ရက်နေ့ တိုက်ကြီးမြို့လူထုသပိတ်ကို စစ်တပ်နဲ့ရဲက မနက် ၁၀ နာရီလောက်ကစပြီး မျက်ရည်ယိုဗုံးတွေ၊ လောက်လေးခွ၊ ကျည်အစစ်၊ရာဘာကျည်တွေသုံးပြီး ရပ်ကွက်ထဲအထိ အကြမ်းဖက်ဖြိုခွဲမှု တွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့ လက်ရှိအထိ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

အလွတ်တန်းသတင်းထောက် ပေးပို့သော သတင်းဖြစ်ပါသည်။


Author

  • Duwun

က္က