သားသမီးတွေရဲ့ ပညာရေးဆုံးခန်းတိုင်ဖို့ပါ။
မြန်မာနိုင်ငံမှာ ပညာရေးအသက်အာမခံလုပ်ငန်းကို မြန်မာ့အာမခံလုပ်ငန်း အပါအဝင် ပုဂ္ဂလိကအာမခံကုမ္ပဏီ (၁၁)ခုက ဧပြီလအတွင်း စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Photo - MIA



ပညာရေးအသက်အာမခံလုပ်ငန်းဟာ မြန်မာ့အာမခံလောကမှာ ဝန်ဆောင်မှုအသစ်ဖြစ်ပြီး သားသမီးတွေရဲ့ပညာရေးအတွက် ငွေကြေးချွေတာစုဆောင်းတဲ့ အလေ့အထရစေဖို့နဲ့ သားသမီးတွေနဲ့ ပညာရေးရပ်ဆိုင်းမသွားစေဘဲ ဆုံးခန်းတိုင် ဘွဲ့ရတဲ့အထိ အကာအကွယ်ပေးနိုင်ရန် ဖြစ်တယ်လို့ဆိုပါတယ်။

ပညာရေးအသက် အာမခံသက်တမ်းကို ၉ နှစ်၊ ၁၁ နှစ်၊ ၁၄ နှစ် စသဖြင့် သတ်မှတ်ထားပြီး အနည်းဆုံးကျပ်သိန်း (၅၀)ကနေ အများဆုံး ကျပ်သိန်း (၁၀၀၀) အထိ အာမခံထားနိုင်တယ်လို့ သိရပါတယ်။

"အာမခံထားတဲ့အခါ ရွေးချယ်တဲ့ သက်တမ်းအလိုက် တွက်ချက်ပါတယ်။ အဲ့ကျရင် ထွက်လာတဲ့ ပရီမီယံကြေးကိုမှ ၁ လ တစ်ကြိမ်၊ ၃ လတစ်ကြိမ်၊ ၆ လတစ်ကြိမ်၊ ၁၂ လတစ်ကြိမ် အရစ်ကျပေးမလားဆိုတာ အာမခံထားသူက ရွေးချယ်နိုင်ပါတယ်"လို့ Global World Insurance ရဲ့ Life Department မန်နေဂျာဖြစ်သူ ဒေါ်အေးမိုးမိုးကြည်က Duwun ကို ပြောပါတယ်။

Photo - MIA

ဒီအာမခံစနစ်ဟာ အစိုးရရဲ့ အာမခံစနစ်နဲ့ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး ပညာရေးအသက်အာမခံ ထားရှိသူဟာ အာမခံသက်တမ်းအတွင်း သေဆုံးခြင်း၊ ထာဝစဉ် လုံးဝ မသန်စွမ်းဖြစ်ခြင်းများ ဖြစ်လာပါက သားသမီးတွေရဲ့ ပညာရေးအတွက်အကျိုးခံစားခွင့်ရှိမှာ ဖြစ်ပါတယ်။

အာမခံထားသူဟာ အသက် ၁၈ နှစ်မှ ၅၆နှစ် ရှိသူများ ဖြစ်ရမှာဖြစ်ပြီး တစ်ကယ်လို့ အာမခံထားစဉ် အကြောင်းတစ်စုံတစ်ရာ မဖြစ်ပေါ်ခဲ့ရင်လည်း နှစ်ပြည့်တဲ့အချိန်မှာ မိမိပေးသွင်းထားတဲ့ အာမခံထားငွေကို ပြန်ထုတ်ယူနိုင်မယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က