မိသားစုလိုက် ကူးစက်ခံခဲ့ရတာပါ။

ဒီနေ့မနက်ပိုင်းထုတ်ပြန်ချက်မှာ ပါဝင်ခဲ့တဲ့ ပဲခူးမြို့မှ ပိုးတွေ့လူနာ (၁၁) ဦးအနက် အသက် (၈)ရက်သားအရွယ် ကလေးတစ်ဦးပါဝင်ခဲ့ပြီး မိသားစုလိုက် ကူးစက်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ကလေးငယ်ရဲ့ မိသားစုထဲက သူတစ်ဦးက ရန်ကုန် ကြည့်မြင်တိုင်ငါးဈေးက ပြန်လာပြီး ပိုးတွေ့ရှိခဲ့တာကြောင့် မိသားစုဝင်(၅)ဦးလုံးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ အားလုံးမှာပိုးတွေ့ခဲ့တာ ဖြစ်ပါတယ်။



“ဟုတ်ပါတယ်။ သူတို့က မိသားစုလိုက်ကူးသွားတာ ကလေးက (၈)ရက်သားပဲရှိသေး မီးတွင်းတောင်မထွက်သေးဘူး။ သူတို့အိမ်က တစ်ယောက်က ရန်ကုန်ငါးဒိုင်ကနေ ပြန်လာပြီး ပိုးတွေ့ခဲ့တာ။ သူကနေစပြီး မိသားစုလိုက်ကူးစက်ခံရတဲ့သဘောပါ”လို့ ပဲခူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေက Duwun ကိုပြောပါတယ်။

လက်ရှိမှာ ကလေးငယ်ရဲ့ ကျန်းမာရေးအခြေအနေက ကောင်းမွန်နေပြီး မိခင်နဲ့အတူဆေးရုံမှာပဲ ထားရှိထားတယ်လို့သိရပါတယ်။ ပဲခူးမှာ လက်ရှိအချိန်ထိပိုးတွေ့လူနာ (၁၁)ဦးထိရှိကာ အားလုံးကအသွားအလာကန့်သတ်ထားရာကနေ ပိုးတွေ့ရှိသူတွေဖြစ်ပါတယ်။ ပိုးတွေ့လူနာ (၁၁)ဦးထဲမှာ အသက်အကြီးဆုံးအဖြစ် (၅၂)နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အငယ်ဆုံးအဖြစ် အသက် (၈)ရက်သားအရွယ် ကလေးငယ်တစ်ဦးတို့ ပါဝင်ခဲ့တာပါ။ ပိုးတွေ့လူနာအားလုံးကိုတော့ ပဲခူးမြို့အနီးက ကလိဆေးရုံကြီးမှာပဲ ဆေးကုသမှုဆောင်ရွက်ပေးလျှက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က