ဒီကနေ့မှာ ဖြစ်ပွားခဲ့တာပါ။
Thin Nu Swe

စက်ရုံ​တွေကို ဧပြီလကုန်အထိ ယာယီပိတ်ထားဖို့ အစိုးရက ကြေညာထားပေမယ့်လည်း ပဲခူးမြို့က KM စက်ရုံဟာ မပိတ်ဘဲ အလုပ်သမား​တွေကို အလုပ်ဆင်းခိုင်းနေတာ​ကြောင့် ဒီကနေ့ ဧပြီ ၂၃ ရက်မှာ အလုပ်သမားထောင်ဂဏန်းဝန်းကျင်ဟာ ပဲခူးမြို့ အ.လ.ရ ရုံးရှေ့ကို လမ်းလျှောက်ချီတက်ကာ သွားရောက်တောင်းဆိုခဲ့ကြပါတယ်။

အခုလို KM စက်ရုံဝန်ထမ်းတွေ တောင်းဆိုမှုကို ပဲခူးက တခြားစက်ရုံ အလုပ်သမားအချို့ ၊ အလုပ်သမားတွေရဲ့ မိသားစုဝင်အချို့ကပါ လာရောက်ဝန်းရံကာ ပူးပေါင်းတောင်းဆိုခဲ့တာကြောင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်‌ဆေးရေး ဦးစီးဌာန (အ.လ.ရ) ရုံးအရှေ့မှာ လူစုလူဝေးဖြစ်ပေါ်ခဲ့ပါတယ်။

ဓာတ်ပုံ-ဝေယံဖြိုးမိုး

"အလုပ်သမားတွေကို ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်းတယ်။ လစာဖြတ်မယ် အလုပ်ဖြုတ်မယ် ပြောတယ်။ ရေသန့်ဘူး ယူလို့မရဘူးဆိုတာရောရှိတယ်။ အင်အားများတဲ့စက်ရုံတချိူ့ဖွင့်တယ်။တချို့ကပိတ်သွားပြီ။ စက်ရုံအသေးတချို့လည်းဖွင့်နေသေးတယ်။KM စက်ရုံကဖွင့်တယ်။ အလုပ်သမားတွေက သွားတိုင်တာပါ။ ဆန္ဒပြတာမဟုတ်ဘူး။ တခြားစက်ရုံတွေက လာဝိုင်းရံကြတယ်။အလုပ်​မားတွေကနားချင်တယ်။ အလုပ်သမားတွေ ကအကြံပြုတယ်။ခုတော့ အဆင်ပြေတယ်။ မေလ ၂ ရက်နေ့အထိပိတ်ထားဖို့ပေါ့။"လို့ ပဲခူးစက်မှုဇုန် အလုပ်သမားအရေးလိုက်ပါ ဆောင်ရွက်ခဲ့သူ ကိူနိုင်နိုင်အောင်က  ပြောပါတယ်။

ဓာတ်ပုံ-ဝေယံဖြိုးမိုး

ဒီကနေ့ မနက် အ.လ.ရ ရုံးရှေ့ သွားရောက်တောင်းဆိုမှုအရ ရရှိခဲ့တဲ့ သဘောတူညီချက်ကတော့ အလုပ်သမား တွေကို အလုပ်မထုတ်ရေး၊ တရားမစွဲရေး အတွက် တာဝန်ယူကြောင်းနဲ့ အ​ကြောင်းအရာအပြည့်အစုံကို ပြန်လည်အကြောင်းကြားပေးသွားမယ်လို့သိရပါတယ်။

"စူပါက ဖုန်းဆက်တယ်။ အလုပ်ဆင်းရမယ် မဆင်းရင် အလုပ်ပြုတ်မယ် လစာမရဘူးပြောတယ်။ဒါနဲ့ ကျွန်တော့်သမီး အခုမနက်မဆင်းချင်ဘဲ အလုပ်သွားရတယ်။သမီးကပြောတယ် သူအလုပ်မဆင်းချင်ဘူး ရောဂါကြောက်တယ်။ တကယ်လို့ကျွန်တော့် သမီး တစ်ခုခုဖြစ်ရင် သူတို့ဘာလုပ်ပေးမလဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်းပြောထားတယ်။ ကြေညာထားတယ်။ဒါကို မလိုက်နာတာလား၊ မလေးစားတာလား၊" လို့ ​တောင်းဆိုမှုကို လာ​ကောက်ဝန်းရံခဲ့တဲ့ အလုပ်သမားမိသားစုဝင်တစ်ဦးဖြစ်သူ ဦးမျိုးအောင်က ပြောပါတယ်။

ဓာတ်ပုံ-ဝေယံဖြိုးမိုး

အလုပ်သမားတွေအနေနဲ့ အလုပ်ရပ်နားထားစဉ်ကာလအတွင်း အလုပ်ရှင်ဘက်က လစာပေးမည်မဟုတ်သော်လည်း နိုင်ငံတော်ကထောက်ပံ့မယ့် ငွေကြေးကိုတော့ ရရှိမှာဖြစ်ပါတယ်။

ပဲခူးမြို့မှာ စက်ရုံပေါင်း ၅၀ နီးပါးရှိပြီး တချို့စက်ရုံတွေကပိတ်ထားသလို ဒီကနေ့ အထိ ဖွင့်လှစ်နေဆဲစက်ရုံ တွေလည်းရှိနေတယ်လို့သိရပါတယ်။

စက်ရုံ၊အလုပ်ရုံတွေကို ဧပြီလ(၃၀)ရက်နေ့အထိ စစ်ဆေးမှုတွေလုပ်ဆောင်ပြီးမှ ဖွင့်လှစ်ဖို့ ညွှန်ကြားထားပြီး လိုက်နာမှုမရှိတဲ့စက်ရုံတွေကို အရေးယူသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဧပြီလ ၂၂ ရက်နေ့က Duwun ကိုပြောခဲ့ပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့ထားသော သတင်းဖြစ်ပါသည်)


Author


က္က