ရန်ကုန်နဲ့ နီးနီးနားနားအပန်းဖြေနိုင်မှာဖြစ်ပါတယ်။
Hmue Eain Zaw
ပဲခူးဒေသမှာ နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်း တည်ဆောက်ဖွင့်လှစ်နိုင်ရေး လာရောက်ကမ်းလှမ်းမှုရှိနေတယ်လို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကသိရပါတယ်။

Photo - bago region government office

ဇွန်လ (၁၂)ရက်နေ့ ဒီနေ့ နေလည်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ပဲခူးဒေသတွင် နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်း တည်ဆောက်ဖွင့်လှစ်နိုင်ရေးအတွက် TUN Electronic Trading Co., Ltd က လာရောက်ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီနိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်းတည်ဆောက်ခွင့်ရရှိရင် စားသောက်ဆိုင်တွေ၊ အဆင့်မြှင့် ကစားကွင်းတွေ၊ အပန်းဖြေ နေရာတွေစတာတွေပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ အပန်းဖြေစခန်းကို အမေရိကန်ဒေါ်လာ ၁၀ သန်းရင်းနှီးမြုပ်နှံမှာဖြစ်တယ်လို့သိပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ်ကလည်း အပန်းဖြေစခန်းတည်ဆောက်တာဟာ မီးခိုးမထွက်တဲ့ စက်ရုံတစ်ခု တည်ဆောက်ခြင်းဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိနိုင်ကြောင်းနဲ့ ရန်ကုန်မြို့ရဲ့ မြို့ပြမွန်းကြပ်မှုတွေကို ရှောင်ရန်နေရာတစ်ခုအဖြစ်ဆောင်ရွက်တာဖြစ်တဲ့ အတွက် လုပ်ငန်းဆောင်ရွက်ချက်အသေးစိတ်ကို ပြန်လည်တင်ပြဖို့ ပြောဆိုထားတယ်လို့ ပဲခူးတိုင်းဒေသကြီး အစိုးရရဲ့ ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်မှာနေထိုင်သူတွေအနေနဲ့ ရန်ကုန်နဲ့အနီးတဝိုက်မှာ အဆင့်မြင့် အပန်းဖြေစရာနေရာတွေမရှိတဲ့အတွက် ကမ်းခြေဒေသတွေနဲ့ဝေးလံတဲ့နေရာတွေကိုသာ ခရီးသွားလာ အပန်းဖြေနေကြရတာဖြစ်ပါတယ်။

အပန်းဖြေစခန်းတည်ဆောက်ခြင်းဟာ ပြည်တွင်း ပြည်ပ ခရီးသွားတွေအတွက် ရည်ရွယ်တာဖြစ်ပြီး ဒေသခံတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်မယ်လို့ ဆိုပါတယ်။


Author


က္က