ကယ်ဆယ်ရေးလေယာဉ်များစီစဉ်ထားတယ်လို့ဆိုပါတယ်။

ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို မေလပထမပတ်အတွင်း ပြန်လည်ခေါ်ယူနိုင်ဖို့ လေကြောင်းလိုင်းများ ပြင်ဆင်နေပြီလို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက နေသိရပါတယ်။

ဂျပန်၊ စင်ကာပူ၊ ကိုရီးယား၊ ဘန်ကောက်နဲ့ အိန္ဒိယနိုင်ငံတို့က နေရပ်ပြန်ဖို့ အခက်အခဲရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူနိုင်ဖို့ သက်ဆိုင်ရာ သံရုံးတွေနဲ့ ချိတ်ဆက်နိုင်ဖို့ အတွက်လည်း ညွန်ကြားထားတာဖြစ်ပါတယ်။



ဧပြီလ ၂၃ ရက်က ပြုလုပ်ခဲ့တဲ့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံအနေနဲ့ သက်ဆိုင်ရာသံရုံးတွေနဲ့ ချိတ်ဆက်ပြီး Relief Flight (ကယ်ဆယ်ရေးလေယာဉ်) တွေကို အမြန်ဆုံးပျံသန်းပေးသွားမယ်လို့ ကြေညာထားတာပါ။ 

ဂျပန်နိုင်ငံကတော့ တိုကျိုမြို့၊ Narita အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ရန်ကုန်လေဆိပ်ကို All Nipon Airways လေကြောင်းလိုင်းနဲ့ ပြေးဆွဲမှာဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့်အခက်အခဲရှိနေတဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ဧပြီလ ၂၈ ရက် နောက်ဆုံးထားပြီး metokyo.myanma@gmail.com ကို ဆက်သွယ်နိုင်ကြောင်း ဂျပန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) နဲ့ ပြေးဆွဲပေးမှာဖြစ်ပြီး ဧပြီလ ၂၈ ရက် နောက်ဆုံးထားပေးပြီး မြန်မာသံရုံးအီးမေးလ် webmaster@myanmarembassy.sg ကို သတင်းပေးပို့နိုင်တယ်လို့လည်း စင်ကာပူသံရုံးကသတင်းထုတ်ပြန်ပါတယ်။

“ သံရုံးတွေဆီကနေ ပြန်လာမယ့် မြန်မာနိုင်ငံသားဦးရေ အတိအကျရပြီဆိုရင် ကျွန်တော်တို့ မေလ ပထမပတ်ထဲ ပြေးဆွဲနိုင်ဖို့လုပ်ထားပါတယ်။ MNA လေကြောင်းလိုင်းကနေ ထိုင်း၊ စင်ကာပူနဲ့ အိန္ဒိယ နိုင်ငံရောက်နေတဲ့သူတွေကို ပြန်ခေါ်ပေးမှာပါ” လို့ မြန်မာအမျိုးသားလေကြောင်းလိုင်း CEO ဦးသန်းထွန်းက Duwun ကိုပြောပါတယ်။

ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ပြန်ခေါ်ရာမှာ မြန်မာနိုင်ငံကနေ စင်ကာပူနိုင်ငံကိုလာရောက်ခေါ်ဆောင်တဲ့ လေကြောင်းခရီးစရိတ်ကိုတော့ နိုင်ငံတော်က စီစဉ်ပေးမှာဖြစ်ပြီး စင်ကာပူနိုင်ငံကနေ မြန်မာနိုင်ငံကိုပြန်လာတဲ့ လေကြောင်းခရီးစရိတ် (တစ်ကြောင်းစာ)တွေကိုတော့ ခရီးသည်တွေက ပေးဆောင်ရမယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေကို မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) နဲ့ မေလ ၃ ၊ ၅၊ ၈၊၁၅၊၂၂၊ ၂၉ ရက်တွေမှာ ပြန်လည်ခေါ်ယူသွားဖို့ ခန့်မှန်းထားတယ်လို့သိရပါတယ်။ ဒါကြောင့် နေရပ်ပြန်လိုတဲ့ ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ ဆိုးလ်မြို့ မြန်မာသံရုံး၊ seoul-embassay@mofa.gov.mm ကို ဧပြီလ ၂၇ ရက်နောက်ဆုံးထားဆက်သွယ်နိုင်တယ်လု့ိ ကိုရီးယားသံရုံးကသတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားအားလုံးဟာ အစိုးရက စီစဉ်ပေးထားတဲ့ Community Based Facility Quarantine မှာ ၂၁ ရက်၊ နေအိမ်မှာ သီးခြားစောင့်ကြည့်ခြင်း (၇) ရက် စုစုပေါင်း (၂၈) ရက် ကန့်သတ်နေထိုင်တာကို မဖြစ်မနေဆောင်ရွက်ဖို့လည်း ညွှန်ကြားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က