လိုက်ပါခွင့်ရရှိသူတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်စိစစ်မှာပါ။

ပြည်ပမှာ ဆေးကုသမှုအတွက် ခွဲစိတ်ဖို့အရေးပေါ်သွားလိုသူတွေ၊ပြည်ပက လုပ်ငန်းခွင်တွေကို အချိန်မီဝင်ရောက်ဖို့ လိုအပ်တဲ့ အလုပ်သမားတွေ၊ သင်္ဘောသားတွေ၊ပြည်ပမှာ ပညာသွားသင်မယ့်သူတွေ၊ ကျောင်းသားကျောင်းသူတွေ၊ အခြားအကြောင်းတွေကြောင့် ပြည်ပကို အရေးပေါ်သွားဖို့ လိုအပ်တဲ့သူတွေအတွက် ပြည်ပထွက်ခွာတဲ့ ကယ်ဆယ်ရေးလေယာဉ် ၊အထူးလေယာဉ်တွေမှာ လိုက်ပါခွင့်ရအောင် ညှိနှိုင်ပေးမယ်လို့ ကြေညာထားတာပါ။

အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံတွေကို အရေးတကြီးသွားဖို့ လိုအပ်တဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်တွေ၊ အထူးလေယာဉ်တွေ စီစဉ်ပေးမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။



ပြည်ပကို သွားရောက်လိုသူတွေဟာ COVID-19 ရောဂါကင်းရှင်းကြောင်း ဓာတ်ခွဲစစ်ဆေးချက်ကို မိမိအစီအစဉ်နဲ့ ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန (သို့) ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) တို့မှာ စစ်ဆေးမှုခံယူရမှာလည်းဖြစ်ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဓာတ်ခွဲစစ်ဆေးပေးနိုင်မှု အကန့်အသတ်အရ ကယ်ဆယ်ရေး/အထူးလေယာဉ်တွေမှာ အတည်ပြုလိုက်ပါခွင့်ရသူတွေကိုသာ သတ်မှတ်ရက်အတွင်း ဓာတ်ခွဲစစ်ဆေးပေးမယ်လို့လည်းဆိုပါတယ်။

ဓာတ်ပုံ- လက်ရှိ ကိုဗစ်ကြောင့် ပိတ်ထားရတဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မြင်တွေ့ရစဉ်။

ဒါ့အပြင် ပြည်ပနိုင်ငံတွေကနေ သတ်မှတ်ထားတဲ့ ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်ချက်တွေအလိုက် လိုအပ်တဲ့အထောက်အထားစာရွက်စာတမ်းတွေကို ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပြီး ပြည်ဝင်ဗီဇာကိုလည်းရန်ကုန်မြို့ က သက်ဆိုင်ရာသံရုံးတွေမှာ မိမိအစီအစဉ်နဲ့ တိုက်ရိုက်လျှောက်ထားရမှာပါ။

ပြည်ပကို အရေးပေါ်သွားလိုသူတွေဟာ ကယ်ဆယ်ရေးလေယာဉ်နဲ့လိုက်ပါရမှာဖြစ်လို့ သက်ဆိုင်ရာလေကြောင်းလိုင်းတွေကို လိုအပ်တဲ့စာရွက်စာတမ်းတွေ ကြိုတင်စာရင်းပေးရမှာဖြစ်ပါတယ်။အဲဒီလေကြောင်းလိုင်းတွေကမှ ခရီးသည်တွေသွားမယ့် နိုင်ငံရဲ့ ပြည်ဝင်ခွင့်ဆိုင်ရာ လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိသူစာရင်းတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်လက်ပေးပို့မှာပါ။

ခြွင်းချက်အနေနဲ့ ထိုင်းနိုင်ငံကို ဆေးကုသဖို့ သွားမယ့်သူတွေနဲ့ လူနာစောင့်တွေကတော့ သံတမန်ညှိနှိုင်းပေးဖို့ လိုအပ်တာကြောင့် ကာယကံရှင်တွေက လေကြောင်းလိုင်းကို စာရင်းပေးသွင်းတာနဲ့ တစ်ပြိုင်နက် နိုင်ငံခြားရေးဝန်ကြီးဌာနကိုပါတင်ပြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးဌာနကို ပေးပို့လာတဲ့ ခရီးသည်စာရင်းတွေကို ချမှတ်ထားတဲ့ ဦးစားပေးအစီအစဉ်အလိုက် စိစစ်ကာ အမျိုးသားအဆင့် ဗဟိုကော်မတီကို ခွင့်ပြုချက်တောင်းခံရယူပြီးမှ ကယ်ဆယ်ရေး/အထူးလေယာဉ်တွေမှာ လိုက်ပါနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

လိုက်ပါခွင့်ရရှိသူ အတည်ပြုစာရင်းတွေကို နိုင်ငံခြားရေးဝန်ကြီး ဌာနမှ လေကြောင်းလိုင်းတွေကို ပြန်လည်ပေးပို့ပြီးမှသာလျှင် လိုက်ပါခွင့်ရသူတွေက လေယာဉ်လက်မှတ်ဝယ်ယူရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်ကနေ ထွက်ခွာလာပြီး ဆုံရပ်နိုင်ငံတွေကတစ်ဆင့် (အထူးသဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည် ဆိုင်ရာလေဆိပ်) လေယာဉ်ကူးပြောင်း လိုက်ပါမယ့်သူတွေဟာ လေဆိပ်မှာ Transit စောင့်ဆိုင်းခွင့်ပြုချိန် (၂၄) နာရီ အတွင်း မိမိတို့သွားမယ့်  နိုင်ငံကို ကူးပြောင်းခရီးစဉ် ချိတ်ဆက် လိုက်ပါနိုင်ဖို့ ကြိုတင်စီစဉ်ထားဖို့၊ စီစဉ်ထားတဲ့ လေယာဉ်လတ်မှတ်တွေကိုလည်း သက်ဆိုင်ရာလေကြောင်းလိုင်းတွေကို တစ်ပါတည်းပြသဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ခွာမယ့် ကယ်ဆယ်ရေးလေယာဉ်၊အထူးလေယာဉ်နဲ့ Cargo လေယာဉ် အချိန်ဇယားတွေကိုတော့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်းကြေညာသွားမယ်လို့လည်းသိရပါတယ်။ 

လက်ရှိပြည်ပနိုင်ငံအများစုမှာ COVID-19 ထိန်းချုပ်ရေး ပြည်ဝင်ကန့်သတ်တွေ ချမှတ်ဆောင်ရွက်ထားဆဲဖြစ်လို့ ပြည်ပကိုသွားမယ့် မြန်မာနိုင်ငံသားတွေဟာ သက်ဆိုင်ရာ နိုင်ငံတွေက ချမှတ်ထားတဲ့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလိုအပ်ချက်၊ စည်းကမ်းချက်တွေကို ကြိုတင်လေ့လာထားကြဖို့၊ တိကျစွာ လိုက်နာဆောင်ရွက်ဖို့ ကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးကြေညာထားပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က