နိုင်ငံခြားကနေ ပြန်ခိုးဝင်လာတဲ့သူတွေရှိရင် ချက်ချင်းသတင်းပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။


မြန်မာနိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်းက ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများနဲ့ တရားမဝင်ပြန်လည် ဝင်ရောက်လာသူတွေကတစ်ဆင့် ပျံ့နှံ့နိုင်တာကြောင့် အန္တရာယ်ကြီးတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောလိုက်ပါတယ်။

ကိုဗစ်ဒုတိယလှိုင်းကို ပြည်ပက ပြန်လာသူတွေကနေ စတင်မယ်လို့ တွက်ဆထားတာကြောင့် ကျန်းမာရေး ဝန်ကြီး ဌာနက ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ထားပေမယ့်လည်း ရခိုင်ပြည်နယ်အတွင်း ခိုးဝင်သူတချို့ကြောင့် ပြည်တွင်းကူးစက်မှုတွေ ပြန်လည်စတင်နေတာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက သုံးသပ်ထားပါတယ် ။



“ ဒုတိယလှိုင်းအနေနဲ့ ပြန်စလာရင် ပြည်တွင်းကတော့ ထွက်လာမှာမဟုတ်ဘူး ။ နိုင်ငံခြားက ပိုးသယ်ဆောင်လာတဲ့ တစ်ယောက်ယောက်က ဝင်လာပြီး ပြည်သူလူထုကြားထဲ ဖြန့်လိုက်တာပဲ ။ အဓိကက နိုင်ငံခြားက ပြန်လာတဲ့လူတွေကတော့ ကွာရန်တင်းဝင်ရတာပဲ။ မလွတ်ပါဘူး ။ တရားဝင်လမ်းကြောင်းကပေါ့။ စတွေ့တဲ့ဘဏ်က တစ်ယောက်က တရားမဝင်လမ်းကြောင်းက ဝင်လာတဲ့လူတစ်ဦးဦးနဲ့ ထိစပ်မှုဖြစ်နိုင်ပါတယ် ။ အဲဒီလူက မြို့ပေါ်ရောက်လာပြီး သွားလာခဲ့ရာကနေ ထိတွေ့မှုဖြစ်ခဲ့နိုင်တာပေါ့ ။ လက္ခဏာမပြဘဲ တဆင့်တဆင့်ဖြန့်နေတာ ဖြစ်နိုင်တယ် ။ တစ်ယောက်တည်းဆိုရင်တောင် ပြည်တွင်းကူးစက်မှုက လျှော့တွက်လို့ မရဘူး။ ခြောက်ယောက်ဆိုတာ တော်တော်စိုးရိမ်စရာအနေအထားပါပဲ" လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက Duwun ကို ပြောပါတယ် ။

ရခိုင်ပြည်နယ်မှာ တရားမဝင်ပြန်ရောက်လာသူအချို့က ဒုက္ခသည်စခန်းတွေမှာ သွားရောက် ခိုလှုံနေတာမျိုး ရှိနိုင်တဲ့အတွက် အဲဒီလို တရားမဝင်နေထိုင်သူတွေကို အကြောင်းကြားပေးဖို့နဲ့ ဆက်စပ်သံသယလူနာ ကွင်းဆက်ဖော်ထုတ်တဲ့အခါမှာလည်း ဒုက္ခသည်စခန်းတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့ လိုအပ်နေတယ်လို့လည်း ဒေါက်တာသန်းနိုင်စိုးက ဆိုပါတယ်။

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတွေက လူဦးရေထူထပ်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေအတိုင်း နေထိုင်ဖို့ခက်ခဲနေတာကြောင့်လည်း ကိုဗစ်အန္တရာယ်အတွက် အလွန်စိုးရိမ်ရတဲ့ အနေအထားဖြစ်နေတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တာဝန်ရှိသူက Duwun ကိုပြောပါတယ် ။

“ IDP Camp (ဒုက္ခသည်စခန်း) ဆိုတာက လူဦးရေအထူထပ်ဆုံးနဲ့ ပြွတ်သိပ်နေအောင် နေရတဲ့ နေရာတွေပဲ။Social distancing ပြောပေမဲ့လည်း လက်တွေ့မှာ ခက်တယ်။ နယ်စွန်ရောက်လေ ပိုဒုက္ခရောက်လေပါပဲ။ မနေ့ကတော့ ပြည်နယ်မှာ ကိုဗစ်ကော်မတီက အစည်းအဝေးလုပ်တယ်။ (ဒုက္ခသည်စခန်းတွေနဲ့ပတ်သက်ပြီး) အထူးညွှန်ကြားချက်လာတာမျိုးတော့ မရှိသေးဘူး။ ကွာရန်တင်းတွေ လော့ဒေါင်းချတာတွေကတော့ ကျန်းမာရေးဘက်က ဆောင်ရွက်တာဆိုတော့ ဘယ်လိုလာမလဲ မသိသေးဘူး" လို့ ရခိုင်ပြည်နယ် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဦးရဲမင်းဦးက Duwun ကိုပြောပါတယ် ။

ရခိုင်ပြည်နယ်မှာ ဇူလိုင်လ ၁၆ ရက်နေ့က ခရီးသွားရာဇဝင်မရှိ၊ အတည်ပြုလူနာနဲ့ ထိတွေ့မရှိတဲ့ (ပြည်တွင်းကူးစက်) သူတစ်ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့ပြီးတဲ့နောက်တစ်လအကြာ သြဂုတ်လ ၁၆ ရက်နေ့မှာ နောက်ထပ် ပြည်တွင်းကူးစက်သူတစ်ဦးတွေ့ရှိခဲ့ပြီးတဲ့နောက် ယနေ့ (သြဂုတ်လ ၂၀ ရက်) မနက်ပိုင်းအထိ ပြည်တွင်းကူးစက်လူနာ ၆ ဦး တွေ့ရှိနေပြီ ဖြစ်ပါတယ်။ 

အဲဒီ ၆ ဦးထဲက အများစုမှာ ဘယ်ကနေဘယ်လို ကူးစက်မှန်းမသိသူတွေ များပြားနေပြီး လူနာအမှတ် ၃၇၇ ကတော့ ဒုက္ခသည်စခန်းများကို တာဝန််နဲ့ သွားလာနေရတဲ့ NGO ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့  စစ်တွေမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်ထံမှ သိရှိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က