ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင်ပြန်လာတဲ့သူတွေမှာ(၄)ဦးထိ ရောဂါပိုးတွေ့ရှိထားပါတယ်။
Ei Ei Htun

COVID -19 ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ပြည်ပရောက်မြန်မာနိုင်ငံသားများကို နိုင်ငံတော်အနေနဲ့ နယ်စပ်ဂိတ်ပေါက်တွေကနေနဲ့ တစ်ဆင့် တရားဝင်လက်ခံပေးနေသလို လေကြောင်းလိုင်းတွေကနေလည်း ပြန်လည်ခေါ်ဆောင်ပေးလျှက်ရှိနေပါတယ်။ 

အခုလို တရားဝင်ပြန်လည်ခေါ်ဆောင်တဲ့ သူတွေကိုတော့ ရောဂါထိန်းချုပ်ရေးကုသရေးလုပ်ငန်းတွေကို စနစ်တကျလုပ်ဆောင်ပေးလျှက်ရှိပြီး တချို့ကလည်း တရားမဝင်လက်ခံထားခြင်းမရှိတဲ့နယ်စပ်ဂိတ်ပေါက်တွေကနေ ခိုးဝင်လာမှုတွေရှိနေပါတယ်။ 

အခုလိုတရားမဝင်ခိုးဝင်လာတဲ့သူတွေနဲ့ လက်ခံထားတဲ့သူတွေကိုတော့ သက်ဆိုင်ရာတည်ဆဲဥပဒေများနဲ့ အညီအရေးယူဆောင်ရွက်သွားမယ်လို့ COVID19 ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဗဟိုကော်မတီမှာ ဇွန်လ(၁၀)ရက်နေ့ ညပိုင်းမှာပဲ ထုတ်ပြန်ကြေညာခဲ့ပါတယ်။


အဓိကခိုးဝင်လာမှုတွေရှိနေတာက ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်ပြည်နယ်ကို ခိုးဝင်လာတဲ့သူတွေရှိနေပြီး အဲဒီခိုးဝင်လာတဲ့သူတွေထဲမှာ ရောဂါပိုးတွေ့ရှိထားတဲ့သူတွေလည်းရှိနေပါတယ်။ ဒီကနေ့ ည ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ထပ်တိုးလူနာ (၂)ဦးက ဘင်္ဂလားဒေ့ရှ်ကနေပြန်လာတဲ့သူတွေဖြစ်ပါတယ်။

“အားလုံးရခိုင်ကို ဘင်္ဂလားကနေခိုးဝင်လာတဲ့သူက (၁၇)ယောက်ရှိတယ်။ ဘူးသီးတောင်မှာက (၈)ယောက်၊ မောင်တောမှာက (၉)ယောက်ပေါ့။ မောင်တောက (၉)ယောက်မှာက အားလုံးဓာတ်ခွဲစစ်ဆေးပြီးတာမှာ (၄)ဦးမှာ ရောဂါပိုးတွေ့တာပါ။ ဘူးသီးတောင်က (၈)ယောက်ကတော့ ဓာတ်ခွဲစစ်ဆေးထားတုန်းအဖြေမသိရသေးပါဘူး" လို့ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဦးစိုးအောင်က Duwun ကိုပြောပါတယ်။

ရခိုင်မှာတော့ ဘင်္ဂလားဒေ့ရှ်ကခိုးဝင်ပြန်လာတဲ့သူ (၁၇)ဦးရှိနေပြီး အဲဒီထဲက(၄)ဦးမှာ ရောဂါပိုးတွေ့ရှိထားပါတယ်။ လုံခြုံရေးတွေကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်ထားသော်လည်း ခိုးဝင်လာတဲ့သူတွေက လူသူနေထိုင်မှုမရှိတဲ့နေရာက ခြံစည်းရိုးတွေကို ဖျက်ပြီး ဝင်လာနေတာဖြစ်တယ်လို့ သိရပါတယ်။ 

ဘင်္ဂလားဒေ့ရှ်မှာ ရောဂါဖြစ်ပွားမှု မြင့်မားလျှက်ရှိတာကြောာင့် မြန်မာနိုင်ငံကို ခိုးဝင်လာမှုတွေရှိနေပြီး လက်ရှိမြန်မာနိုင်ငံမှာဆိုရင် အတည်ပြုလူနာ (၂၄၈)ဦးရှိကာ ပြန်လည်ကောင်းမွန်လာသူ (၁၆၅)ဦးနဲ့ သေဆုံးသူ (၆)ဦးထိရှိပါတယ်။












ဆက်စပ်အကြောင်းအရာများ


က္က