လက်ရှိအချိန်အထိ ပြည်ပကပြန်လာသူ သိန်းဂဏန်းဝန်းကျင်ရှိနေပြီလို့သိရပါတယ်။

ပြည်ပနိုင်ငံအသီးသီးမှာ အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေထိုင်နေကြပြီး ကိုဗစ်-၁၉ရောဂါဂယက်ကြောင့် မြန်မာနိုင်ငံကိုပြန်လည်ဝင်ရောက်လာတဲ့ နိုင်ငံသားတွေကို ဆက်လက်လက်ခံသွားမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောပါတယ်။

Photo: MOFA

ဇွန်လ ၂၂ ရက်မှာ ပြုလုပ်ခဲ့တဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စတုတ္ထတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှု သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးကအခုလိုပြောခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မေလ၁၆ရက်ကစတင်ပြီး ပြည်ပကပြန်လာသူတွေထဲမှာ ရောဂါပိုးတွေ့ရှိသူ ၁၀၇ဦးအထိရှိပြီး ပြည်တွင်းကူးစက်မှုကတော့ ၄ဦးသာရှိရာမှာ ရောဂါပိုးသက်သာပျောက်ကင်းသူ ၁ဦးရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ 



Photo:MOFA

"ကွာရင်တင်းကို သေချာဝင်နေရင် ဘာမှ မဖြစ်ပါဘူး။ သူတို့ကွာရင်းတင်းနေဖို့ စည်းစနစ်နဲ့ ဆွဲဆောင်ရပါမယ်။ သူတို့ပစ်ထားပြီး မလာနဲ့လို့ ပြောလို့မရဘူး။" လို့ ဒေါက်တာမြင့်ထွေးက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉စတင်ဖြစ်ပွားခဲ့တဲ့ မတ်လ ၂၃ရက်ကစတင်ပြီး လမ်းကြောင်းအမျိုးမျိုးကနေ ပြန်လည်ဝင်ရောက်လာတဲ့ နိုင်ငံသားဦးရေ သိန်းဂဏန်းခန့်ရှိနေပြီလို့လည်းသိရပါတယ်။ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာတဲ့ နိုင်ငံသားတွေဟာ အစိုးရ ကယ်ဆယ်ရေးလေယာဉ်နဲ့ပြန်လည်ခေါ်ဆောင်လာရတာမျိုးတွေရှိသလို နယ်စပ်ဂိတ်ပေါက်တွေကလည်းဝင်ရောက်လာသူတွေရှိပါတယ်။ ပြန်လည်ဝင်ရောက်လာတဲ့ နိုင်ငံသားတွေကို လက်ခံရာမှာအမျိုးအစားခွဲခြားထားတာမျိုးမရှိဘဲ ပြစ်ဒဏ်စေ့အကျဉ်းသားတွေအပါအဝင် ပြည်ပနိုင်ငံတွေမှာ အထောက်အထားမဲ့နေထိုင်နေတဲ့နိုင်ငံသားတွေကိုပါပြန်လည်လက်ခံပေးနေတာပါ။ အိမ်နီးချင်းနိုင်ံငံတွေဖြစ်တဲ့ ထိုင်း၊မလေးရှားနဲ့တရုတ်နိုင်ငံတွေက ပြစ်ဒဏ်စေ့အကျဉ်းသားတွေကိုလက်ခံပေးရောမှာ ဇူလိုင်လအတွင်းမလေးရှားထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသား ၃၀၀၀ကျော်ကို ခေါ်ဆောင်သွားဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံကလည်း Duwun ကိုပြောပါတယ်။ “ အရင်တစ်ခေါက်တုန်းက မလေးရှားအစိုးရအစီအစဉ်နဲ့ ထိန်းသိမ်းခံမြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ပြန်ခေါ်ခဲ့ဖူးတယ်။ အခုတစ်ခေါက်မှာလည်း ထိန်းသိမ်းခံ မြန်မာတွေကို ဘယ်လို ပုံစံနဲ့ ပြန်ခေါ်မလဲဆိုတာကိုတော့ မြန်မာအစိုးရဘက်က စီစဉ်နေပါတယ်”လို့ ဦးအောင်ကျော်ဇံကပြောပါတယ်။ 

Photo:MOFA

ပြန်လည်လက်ခံနေတဲ့ မြန်မာနိုင်ငံသားတွေကို တစ်နိုင်ံလုံးက ကွာရန်တင်းစင်တာ ၇၀၀၀ ကျော်မှာ ထားရှိစောင့်ကြည့်နေပြီး ငါးထောင်ကျော်ကို ဓာတ်ခွဲနမူနာရယူစစ်ဆေးထားနိုင်ခဲ့တယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောပါတယ်။ မေလ၁၆ရက်ကစပြီးပြည်ပကပြန်လာသူတွေထဲမှာ ရောဂါပိုးတွေ့ရှိထားသူ ၁၀၇ဦးရှိပြီး ပြန်လည်ပျောက်ကင်းသူ ၃၈ဦးရှိပြီလို့လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ အိန္ဒိယ၊ မလေးရှား၊ ယူအေအီး၊ အီတလီ၊ တရုတ်၊ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ကာတာနိုင်ငံတွေက ပြန်လာသူတွေမှာပိုးတွေ့ထားပြီး အိန္ဒိယ၊ထိုင်းနဲ့မလေးရှားပြန်တွေမှာ လူဦးရေအများဆုံးရောဂါပိုးတွေ့ရှိထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က