ရောဂါထိန်းချုပ်ရေးအတွက် ဇွန် ၃၀ ရက်အထိ ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်အားလုံးကို ဆက်လက် တိုးမြှင့်လိုက်တာပါ။

အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်တွေ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကို ဇူလိုင် ၃၁ ရက်အထိ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ကြေညာလိုက်ပါတယ်။

COVID-19 ရောဂါကာကွယ်ရေးကြိုတင်စီမံချက်အဖြစ်  ပြည်ပလေကြောင်းလိုင်း ပြေးဆွဲမှုတွေကို မတ်လ ၃၀ ရက်က စတင်ပြီးယာယီရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ရောဂါထိန်းချုပ်ကာကွယ်ရေးတွေ ပိုမိုဆောင်ရွက်နိုင်စေဖို့ဆိုပြီး ပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလတွေကို ထပ်တိုးခဲ့ရာမှာ အခုဆို ဇူလိုင် ၃၁ ရက်အထိ ထပ်မံတိုးမြှင့်လာခဲ့တာပါ။ လက်ရှိမှာ ပြည်ပခရီးသည်တင်လေကြောင်းလိုင်းတွေကတော့ ပြည်ပနိုင်ငံတွေမှာ နေရေးအခက်ကြုံနေရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်တဲ့အစိုးရရဲ့ ကယ်ဆယ်ရေးလေယာဉ်အဖြစ်နဲ့သာ ပြေးဆွဲပေးနေတာဖြစ်ပါတယ်။



 “ညီမတို့လို ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်နေ၊ အလုပ်က ရပ်စဲခံရတဲ့လူတွေအတွက် နေထိုင်ခွင့်မရှိတော့ရင် နောက်ထပ် သက်တမ်းတိုးရတာ မလွယ်ပါဘူး။ ခုနောက်ပိုင်း စင်ကာပူအစိုးရက လေယာဉ်လက်မှတ် ဝယ်ခိုင်းပြီး လက်မှတ်နဲ့မှ stay ထပ်တိုးပေးပါတယ်။ ဒါတောင် ရက်အများကြီး မပေးပါဘူး။ ၁၀ ရက်၊ ၁၃ ရက် ပဲပေးတာပါ။ မြန်မာပြည် ဘက်ကလဲ အခြေအနေအရပ်ရပ်ကြောင့် ပြည်ပလေကြောင်းလိုင်းတွေ ထပ်တိုး၊ ဒီဘက်ကလဲ လက်မှတ် ပြန်ချိန်း၊ သက်တမ်းပြန်တိုးနဲ့ သိပ်ကိုခက်ခဲလွန်းပါတယ်။ ဒီကြားထဲ နေထိုင်ခွင့် stay က အချိန်မှီ မကျလာခဲ့ရင် overstay ဖြစ်မှာကို စိုးရိမ်ရပါတယ်။ ကယ်ဆယ်ရေး လေယာဉ်ကလည်း မလွယ်ပါဘူး။ ပြန်ချင်တဲ့ လူအများကြီးလည်းဖြစ်၊ ကိုယ်ဝန်ဆောင်၊ သက်ကြီးပိုင်း ဦးစားပေးရတာလည်းဖြစ်ပါတယ်။ ဒါကြောင့် ပြည်ပ လေကြောင်းလိုင်းတွေကို အမြန်ဆုံး (ကန့်သတ်မှုတွေနဲ့ ဖြစ်ဖြစ်ပေါ့) ပြန်ဖွင့်ပေးစေချင်ပါတယ်” လို့ စင်ကာပူနိုင်ငံမှာ နေထိုင်ပြီး နေရပ်ပြန်ဖို့ အခက်အခဲကြုံနေရသူတစ်ဦးဖြစ်တဲ့ မဖြိုးဖြိုးက Duwun ကိုပြောပါတယ်။

ဒါ့အပြင် ကမ္ဘာ့နိုင်ငံအသီးသီးက မြန်မာနိုင်ငံကို လာရောက်ကြမယ့် ခရီးသွားတွေကို ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်တွေ၊ ဗီဇာကင်းလွတ်ခွင့်နဲ့ လူမှုရေးဗီဇာ အပါအဝင် မည်သည့် ပြည်ဝင်ဗီဇာ ကို မဆို ဇူလိုင် ၃၁ ရက်နေ့ အထိ ထပ်မံတိုးမြှင့်လိုက်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

အရေးပေါ်အစိုးရတာဝန်ဖြစ်စေ၊ မလွှဲမရှောင်သာတဲ့ ကိစ္စရပ်တွေကြောင့် ပြည်ပနိုင်ငံသားတွေ (သံတမန်တွေ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေနဲ့ ဝန်ထမ်းတွေအပါအဝင်) မြန်မာနိုင်ငံကို ပျံသန်းပြေးဆွဲရန်ရှိတဲ့ ကယ်ဆယ်ရေးလေယာဉ် (ဒါမှမဟုတ်) အထူးလေယာဉ်နဲ့ လာရောက်ဖို့ ရှိတယ်ဆိုပါက ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်မှု ရရှိအောင် ပြည်ပ နိုင်ငံတွေက မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေက ဆက်သွယ်အကူအညီတောင်းခံဖို့လည်း ညွန်ကြားထားပါတယ်။ 

COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပြည်ထောင်စုအစိုးရ၊ ဝန်ကြီးဌာနတွေကဇွန်လ ၃၀ ရက်အထိ ထုတ်ပြန်ထားတဲ့ကန့်သတ်ချက်အားလုံးကိုလည်း ဇူလိုင်လ ၁၅ ရက်အထိ တိုးမြှင့်လိုက်တယ်လို့လည်း ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက် ညပိုင်းက COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီက ကြေညာထားခဲ့ပြီလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က