မေလဒုတိယပတ်ကစပြီး ဒီနေ့အချိန်ထိ ပြည်ပကပြန်လာသူ ၅၉ ဦးမှာ ရောဂါပိုးတွေ့ရှိထားပါတယ်။
Mi Thawdar Aung

ထိုင်းနိုင်ငံက ပြန်လာသူတစ်ဦးနဲ့ အိန္ဒိယနိုင်ငံက ပြန်လာသူတစ်ဦး တို့မှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

န္ဒိယနိုင်ငံက ပြန်လာသူ လူနာအမှတ် ၂၄၁ ဟာ ရန်ကုန်တိုင်း၊တာမွေမြို့နယ်က အသက် ၅၈ နှစ်အရွယ်ဖြစ်ပြီး ဗိုလ်တထောင်မြို့နယ်မှာ အသွားအလာကန့်သတ်ထားရှိပြီး ရောဂါလက္ခဏာ ပြသထားတာကြောင့် စောင့်ကြည့်လူနာအဖြစ် ဆေးရုံကို ပြောင်းရွှေ့ကုသထားရင်း ရောဂါပိုးတွေ့ရှိခဲ့တာပါ။

ထိုင်းနိုင်ငံက ပြန်လာသူ လူနာအမှတ် ၂၄၂ ကတော့ မကွေးတိုင်း၊ သရက်မြို့နယ်က အသက် ၃၆ နှစ်အရွယ်အမျိုးသားဖြစ်ကာ သရက်မြို့နယ်မှာပဲ အသွားအလာကန့်သတ်ထားသူဖြစ်ပါတယ်။

မေလ ၁၆ ရက်ကနေ ဒီကနေ့ ဇွန်လ ၇ ရက် ည ၈ နာရီအထိဆိုရင် ပြည်ပက ပြန်လာသူစုစုပေါင်း ၅၉ ဦးမှာ ရောဂါပိုးတွေ့ရှိထားပြီး အိန္ဒိယနိုင်ငံကပြန်လာသူတွေထဲမှာ ပိုးတွေ့လူနာအများဆုံးဖြစ်နေပြီး ၃၃ ဦးအထိရှိနေခဲ့ပါတယ်။

ဒါ့အပြင် ဒီကနေ့မှာ ထိုင်းနိုင်ငံက ပြန်လာသူတစ်ဦးမှာ ရောဂါပိုးတွေ့ရှိထားတာကြောင့် မေလဆန်းနောက်ပိုင်းကစပြီး ထိုင်းက ပြန်လာသူတွေထဲမှာ စုစုပေါင်း ပိုးတွေ့လူနာ ၂ ဦးအထိရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မေလ ၁၆ ရက်ကနေ ဇွန်လ ၇ ရက်နေ့ ည ၈ နာရီအထိ တွေ့ရှိခဲ့တဲ့ ပြည်တောပြန် ပိုးတွေ့လူနာ ၅၉ ဦးကတော့ အိန္ဒိယကပြန်လာသူ ၃၃ ဦး၊ မလေးရှားကပြန်လာသူ ၁၃ ဦး၊ ယူအေအီးက ပြန်လာသူ ၈ ဦး၊ ထိုင်းနိုင်ငံက ပြန်လာသူ ၂ ဦး၊ အီတလီက ပြန်လာသူ ၁ ဦး နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကနေ ခိုးဝင်လာသူ ၁ ဦးတို့ဖြစ်ပါတယ်။

အဲဒီထဲကမှ မလေးရှားပြန် ၅ ဦးနဲ့ ယူအေအီးပြန် ၆ ဦး စုစုပေါင်း ၁၃ ဦးကတော့ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ခဲ့တာကြောင့် ရောဂါပျောက်ကင်းသွားပြီလို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ထိတော့ မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာ ၂၄၂ ဦးအထိ ရှိနေခဲ့ပြီးတော့ ရောဂါကင်းစင်သူ ၁၅၆ ဦးရှိကာ သေဆုံးသူ ၆ ဦးရှိနေတာကြောင့် လက်ရှိဆေးရုံတက်ကုသနေသူ ၈၀ ဦးရှိနေတယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က