ပြည်ပမှာ လုပ်ကိုင်နေကြသူတွေရဲ့ဝင်ငွေက သူတို့မိသားစုအတွက်ပဲလို့ မမြင်ကြဖို့လည်း ပြောခဲ့ပါတယ်။
Mi Thawdar Aung

ပြည်တော်ပြန်တွေကို ရောဂါပိုးရှိနိုင်တယ်ဆိုပြီး အစိုးရိမ်လွန်ရာကနေ ဒေါသဖြစ်တာမျိုးတွေ ရှိနေပြီး နိုင်ငံရပ်ခြားမှာ ခက်ခက်ခဲခဲ ရုန်းကန်ဝမ်းစာရှာနေရတာကို နားလည်ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေတွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒီကနေ့ မေလ ၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ Facebook အကောင့်ကတစ်ဆင့် အသိပေးပြောကြားလိုက်တာပါ။

“ အချို့က ပြည်တော်ပြန်တွေ ရောဂါပိုးရှိနိုင်တယ်ဆိုပြီး အစိုးရိမ် လွန်ရာက ဒေါသဖြစ်ကြပါတယ်။ ဘယ်သူမှ ရောဂါမဖြစ်ချင်ကြ ပါဘူး။ ဘယ်သူကမှလည်း နိုင်ငံရပ်ခြားမှာ ပင်ပင်ပန်းပန်းသွားပြီး ဝမ်းစာမရှာချင်ကြပါဘူး။ နယ်စပ်က ပြန်လာတဲ့ အလုပ်သမားအများစုက အခက်အခဲများကြားက အလုပ်လုပ်ကြရတာပါ။ နောက်ပြီးရတဲ့ ဝင်ငွေက လုပ်သူနဲ့မိသားစုအတွက်ပဲလို့ မမြင်ပါနဲ့။ ပြည်တွင်းကို ရောက်လာတဲ့ငွေတွေက နိုင်ငံရဲ့စီးပွားရေး လည်ပတ်မှုထဲကို ရောက်သွားခြင်းအားဖြင့် နိုင်ငံရဲ့တိုးတက်ဖွံ့ဖြိုးရေးကိုအထောက်အကူပြုပါတယ်။ “ လို့ အတိုင်ပင်ခံကဆိုပါတယ်။ 

Photo- MOFA (ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြည်ပနိုင်ငံများက ပြန်လည်ဝင်ရောက်လာသူများကိုတွေ့ရစဉ်။)

ပြည်ပကပြန်လာသူတွေဆီကနေ ၂၀၁၉ခုနှစ်အတွင်း ဘဏ်များမှတဆင့်တရားဝင်ရရှိငွေမှာ အမေရိကန်ဒေါ်လာ(၁)ဘီလီယံကျော်ရှိခဲ့တယ်လို့ အတိုင်ပင်ခံက ပြောကြားခဲ့ပါသေးတယ်။ ဒါ့အပြင်ကို ခုတစ်လောမှာ ကွာရန်တင်းဝင်နေရတဲ့သူတွေကို ကြောက်တာ၊ မလိုလားတာတွေ ရှိနေပြီး တကယ်တော့ ကွာရန်တင်းထဲဝင်နေတဲ့သူတွေက အန္တရာယ်မဟုတ်ကြောင်း ၊ကွာရန်တင်းထဲမှာမဟုတ်ဘဲ ကူးစက်နိုင်မယ့် အန္တရာယ်ကို သတိထားရမှာဖြစ်ကြောင်း အတိုင်ပင်ခံက ဆိုပါတယ်။ 

“ ခုတလော quarantine ဝင်ရတဲ့သူတွေကို ကြောက်တာ၊ မလိုလားတာဆိုတာတွေရှိပါတယ်။ တကယ်တော့ quarantine ထဲဝင်တဲ့လူတွေကအန္တရာယ်မဟုတ်ပါဘူး။ ရောဂါပိုးရှိနေရင်တောင်မှ ပုံမှန်ကျန်းမာရေးစိစစ်မှု ခံနေရတာကြောင့် စောစောသိပြီး စောစောကုသမှုခံရမှာပါ။ Quarantine ထဲမှာ မဟုတ်ပဲ၊ ရောဂါပိုးရှိသော်လည်း ရောဂါလက္ခဏာမပြသူများမှ ကူးစက်နိုင်မဲ့အန္တရာယ်ကို သတိထားရမှာပါ။ အကောင်းဆုံး ကာကွယ်နည်းကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို ကိုယ်တိုင်လိုက်နာခြင်းပဲဖြစ်ပါတယ်။ ကိုယ့််ရောဂါကာကွယ်ရေးအတွက် ကိုယ်သာစွမ်းဆောင်နိုင်ဆုံးပါ။” လို့ ဆိုပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကတော့ ပြည်တော်ပြန်တွေကို အသွားအလာကန့်သတ်စောင့်ကြည့်ပြီးမှာ ရောဂါပိုးတွေ့ရှိတာဖြစ်လို့ ထိန်းချုပ်နိုင်ကြောင်း ၊ ဒါပေမယ့် ကွာရန်တင်းဝင်ရတဲ့ ပြည်တော်ပြန်တွေအနေနဲ့ စနစ်တကျစည်းကမ်းလိုက်နာဖို့ကတော့ လိုအပ်ကြောင်း ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။

“ နိုင်ငံခြားပြန်တွေအနေနဲ့ ကွာရန်တင်းစင်တာတွေမှာ ရက်အပြည့်အဝနေခြင်း၊ ကွာရန်တင်းစင်တာတွေမှာ စည်းကမ်းလိုက်နာခြင်းတွေက ပိုပြီးအရေးကြီးပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့တောင် အသက်ကို ပဓာနမထားဘဲ တတ်နိုင်သမျှဆောင်ရွက်ပေးနေပါတယ်။ ဒါကြောင့် ပြည်တော်ပြန်တွေအနေနဲ့ အတတ်နိုင်ဆုံးစည်းမျဉ်းစည်းကမ်းနဲ့ အညီဒီကာလကို သည်းခံပြီးနေပေးရင် အားလုံးအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်” လို့ ဒေါက်တာသန်းနိုင်စိုးက ဆိုပါတယ်။

မေလဆန်းပိုင်းကစပြီး ပြည်ပကပြန်ဝင်လာသူအားလုံးကို ကွာရန်တင်းစင်တာတွေမှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးပေးမှုတွေ ပြုလုပ်နေရာ မေလ ၁၆ ရက်ကနေ ဒီကနေ့ ဇွန်လ ၃ ရက်နေ့ အထိ ပြည်တော်ပြန် ၅၀ ဦးအထိ ရောဂါပိုးတွေ့ရှိထားတာပါ။


က္က