ပြန်လည်ဝင်ရောက်လာတဲ့လုပ်သားတွေကို စစ်တမ်းတစ်ခုကောက်ယူသင့်တယ်လို့ ဆိုပါတယ်။
Mi Thawdar Aung

ကိုဗစ်ဂယက်ကြောင့် ပြည်တွင်းက ပြန်ဝင်လာကြတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေထဲမှာ ကျွမ်းကျင်အလုပ်သမားတွေ ပါလာနိုင်တာကြောင့် ဒီအလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုအပေါ် မူတည်ပြီး ပြည်တွင်းမှာ အလုပ်ခန့်ပေးဖို့ မြန်မာနိုင်ငံစက်မှုလက်မှုအသင်းချုပ် (UMFCCI) ဥက္ကဌ ဦးဇော်မင်းဝင်းက ပြောလိုက်ပါတယ်။

ဒီနေ့ ဇွန်လ ၁၆ ရက်မှာပြုလုပ်တဲ့ COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုတွေအပေါ် ကုစားရေးနဲ့ ပတ်သက်ပြီး အွန်လိုင်းဆွေးနွေးပွဲမှာ UMFCCI ဥက္ကဌ ဦးဇော်မင်းဝင်းက အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့တာပါ။

အထူးသဖြင့် ပြည်ပကပြန်လည်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ သက်ဆိုင်ရာလုပ်ငန်းတွေအလိုက် အထိုက်အလျောက် ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံရှိသူတွေ ပါဝင်တာကြောင့် သူတို့ရဲ့ အတွေ့အကြုံတွေကို ကျွမ်းကျင်မှုအလိုက် လုပ်ငန်းအသီးသီးမှာ အဆင်သင့်အသုံးပြုနိုင်ဖို့ စီစဉ်ရမယ်လို့ ဦးဇော်မင်းဝင်းက ဆိုပါတယ်။

“ ပြန်လည်ဝင်ရောက်လာတဲ့ လုပ်သားတွေကို ကျွန်တော်တို့အနေနဲ့ စစ်တမ်းတစ်ခုကောက်ယူပြီး ကျွမ်းကျင်ရာအလုပ်အကိုင်များရရှိစေရေးအတွက် အစိုးရနဲ့ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ချိတ်ဆက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။” လို့ ဦးဇော်မင်းဝင်း ပြောပါတယ်။

Photo- Thant Zin Aung Fb မြဝတီ-မဲဆောက်နယ်စပ်မှ တစ်ဆင့်ပြန်ဝင်လာကြသော ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်က ပြန်ရောက်လာတဲ့အလုပ်သမားတွေထဲကနေ တစ်ဖက်နိုင်ငံကိုပဲ ပြန်ပြီး အလုပ်လုပ်ချင်သူတွေ ရှိနိုင်သလို ပြည်တွင်းမှာပဲ အလုပ်လုပ်ချင်သူတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ပြည်တွင်းမှာပဲ အလုပ်လုပ်ချင်သူတွေကို သူတို့ရဲ့ ကျွမ်းကျင်မှုအပေါ်မူတည်ပြီး နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုအတွက် ဘယ်လိုအသုံးပြုမလဲဆိုတာ ကဏ္ဍပေါင်းစုံပေါင်းပြီး လုပ်ဆောင်နေတယ်လို့ အတိုင်ပင်ခံ က ပြောခဲ့ပါတယ်။

“ အစကတည်းက ပြည်ပကပြန်လာသူတွေ ရှိတယ်ဆိုကတည်းက ကျွန်မတို့ ဒါကိုစပြီးတော့ စီစဉ်တယ်။ အခုဆို ပြန်လာတဲ့သူတွေထဲမှာ ဘယ်နှစ်ယောက်လောက် ဟိုဘက်ကို ပြန်သွားချင်လဲ။ တစ်ချို့ကလည်း ဒီမှာပဲ နေပြီး အလုပ်လုပ်ချင်တဲ့သူတွေ ရှိတယ်။ ဒါတွေအပေါ်မူတည်ပြီး ဘယ်လိုအသုံးပြုမလဲဆိုတာ ကဏ္ဍအသီးသီးကညှိယူရမှာပါ” လို့ ဆိုပါတယ်။

ကိုဗစ်ကြောင့် ပြည်ပနိုင်ငံအသီးသီးက ရွှေ့ပြောင်းလုပ်သားတွေဟာ မြန်မာနိုင်ငံထဲ ပြန်ဝင်လာကြပြီး ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သား သိန်းနဲ့ချီ ဧပြီလလောက်ကတည်းက ပြန်ဝင်ရောက်လာခဲ့ကြတာပါ။ အဆိုပါ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေထဲက MOU စနစ်နဲ့ ထိုင်းနိုင်ငံမှာ ပြန်လည်လုပ်ကိုင်ရမယ့် မြန်မာလုပ်သားဦးရေဟာ ခြောက်သောင်းဝန်းကျင်သာ ရှိနေသေးတယ်လို့လည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်က ဇွန်လ ၂ ရက် အတိုင်ပင်ခံနဲ့အွန်လိုင်းတွေ့ဆုံပွဲမှာ ပြောခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က