ဒီပိတ်ရက်တွေမှာ ဧည့်သည်တွေ များလာမှာစိုးရိမ်တာကြောင့် အခုလိုသတိပေးလိုက်တာပါ။

မနက်ဖြန် ဇူလိုင် ၃၁ ရက်ကနေ သြဂုတ် ၃ရက်နေ့အထိ ဧရာဝတီတိုင်းအတွင်းက ကမ်းခြေတွေကို လာရောက်လည်ပတ်ခြင်းမပြုဖို့ တိုင်းအစိုးရက ဗီနိုင်းတွေ ထုတ်ပြီး ကြေညာထားမယ်လို့ သိရပါတယ်။

"ဒီပိတ်ရက် လေးရက်ကို ကမ်းခြေတွေမဖွင့်ဘူး။ ကမ်းခြေတွေ မလာဖို့ တားမြစ်ကြေညာချက်တွေကို အခုပဲ ဗီနိုင်းတွေ ကပ်ပြီး ထုတ်ပြန်မယ်လို့သိရပါတယ်" လို့ ဧရာဝတီတိုင်း လ.ဝ.က ဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောပါတယ်။



ဓာတ်ပုံ- မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ မဖြစ်ပွားခင် ချောင်းသာကမ်းခြေကိုမြင်ရစဉ်။

လက်ရှိမှာ ဧရာဝတီတိုင်းအတွင်းက ကမ်းခြေနဲ့ ဟိုတယ်တွေကို ကိုဗစ်ကာကွယ်ရေးစည်းကမ်းချက်တွေနဲ့အညီ ပြင်ဆင်ထားတာရှိ၊မရှိ စစ်ဆေးပြီး ကိုဗစ်ကော်မတီကို တင်ပြထားဆဲဖြစ်ပါတယ်။ ဒါကြောင့် အခုချိန်ထိ ကမ်းခြေနဲ့ ဟိုတယ်တွေကို ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်။

ပြန်ဖွင့်တဲ့အခါမှာဆိုရင်လည်း ကမ်းခြေနဲ့ ဟိုတယ်တွေမှာ လိုက်နာရမယ့်စည်းကမ်းချက်တွေ၊ဧည့်သည်တွေဘက်က လိုက်နာရမယ့် စည်းကမ်းချက်တွေကို ထုတ်ပြန်သွားမှာဖြစ်တယ်လို့လည်း ချောင်းသာဟိုတယ်ဇုန်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်ခိုင်က ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းက ချောင်းသာကမ်းခြေ၊ ငွေဆောင်၊ ဂေါ်ရင်ဂျီ၊ ရွှေသောင်ယံစတဲ့ကမ်းခြေတွေကို မတ်လ ပိုင်းလောက်ကတည်းက လာရောက်လည်ပတ်ခွင့် ပိတ်ပင်ထားတာ လက်ရှိအချိန်ထိ ဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့်ရုံးပိတ်ရက် လေးရက်မှာလည်း ဘုရားဖူးပြည်သူတွေ များပြားပြီး လူစုလူဝေးတွေ ပိုပြီးဖြစ်ပေါ်လာနိုင်တာကြောင့် ပုဂံဒေသက ဘုရား (၁၇) ဆူကိုလည်း ပြန်ပိတ်ထားလိုက်ရတယ်လို့ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုံးက ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က