ငလျင်ကြောင့် ပျက်စီးမှု များပြား
Mi Thawdar Aung

ငလျင်လှုပ်ခတ်ခဲ့ချိန်မှာ ဆယ်တန်းကျောင်းသူတစ်ဦး ကြောက်လန့်ကာ လဲကျသွားခဲ့ပြီး ဆေးရုံကို ပို့ဆောင်ထားခဲ့ရတယ်လို့ သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးလွင်က Duwun ကိုပြောပါတယ်။

Photo- ဦးစိုးလွင်

“ အသက်အန္တရာယ်ကတော့စိုးရိမ်စရာမရှိပါဘူး။ တခြားထိခိုက်ဒဏ်ရာရသူတွေလည်း မရှိဘူး။ အဲဒီကလူတွေကတော့ ကြောက်လန့်နေကြတယ်။ နောက်ထပ်ငလျင်များ လာမလားဆိုပြီး စိုးရိမ်နေကြတယ်” လို့ ဦးစိုးလွင်က ဆိုပါတယ်။

နိုဝင်ဘာ ၂၈ ရက် ညပိုင်းက မန္တလေးတိုင်းသပိတ်ကျင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သပိတ်ကျင်းမြို့နယ် ကြာညှက်အုပ်စု၊ ကြာညှက်ရွာ၊ ပုတီးဖြူရွာ၊ဝါးရုံကုန်းရွာနဲ့ မြင်သာရွာ တို့မှာ ပျက်စီးမှု တွေ ရှိခဲ့တာပါ။

အဲဒီရွာတွေက အိမ်ခြေ (၁၂၀) ခန့် ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်း (၄) ကျောင်း၊ စေတီ (၆) ဆူ နဲ့ စာသင်ကျောင်းအချို့ပြိုကျပျက်စီးခဲ့ကာဆုံးရှုံးမှုတန်ဖိုး (၁၄၆၂) သိန်း ရှိခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးလွင်က Duwun ကိုပြောပါတယ်။

Photo- ဦးစိုးလွင်

“ ဆုံးရှုံးမှုတန်ဖိုးက နောက်ထပ် တိုးလာနိုင်သေးတယ်။ စေတီ ၅ ဆူ ၆ ဆူလောက် စိန်ဖူးတော်မြေခတာတွေ ရှိတယ်။ ဘုန်းကြီးကျောင်းနံရံတွေ၊ စာသင်ကျောင်းနံရံတွေ ပြိုတယ်။ အုတ်တံတိုင်းတွေ ပြိုကျတာတွေ ရှိတယ်။ အိမ်တွေ ပဲ့ကျတာ၊ အက်တာတွေ ရှိတယ်” လို့ ဦးစိုးလွင်က ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက် ည ၉ နာရီ ၉ မိနစ် ၁၃ စက္ကန့်အချိန်မှာ သပိတ်ကျင်းမြို့ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး (၅.၄) အဆင့် အင်အားအသင့်အတင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်သွားခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။


က္က