ဘုန်းကြီးကျောင်း ၆ ကျောင်းနဲ့ စာသင်ကျောင်း ၂ ကျောင်းမှာလည်း ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။
Minn Nandar

နိုဝင်ဘာ ၂၈ ရက်ညကလှုပ်ခတ်ခဲ့တဲ့သပိတ်ကျင်းငလျင်ကြောင့် သပိတ်ကျင်းမြို့နယ်အတွင်း ဘုန်းကြီးကျောင်း ၆ ကျောင်းနဲ့ စာသင်ကျောင်းနှစ် ကျောင်း၊ လူနေအိမ်ခြေတစ်ရာကျော်နဲ့သာသနိကအဆောက်အအုံတစ်ချို့ပျက်စီးမှုတွေဖြစ်ခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ သပိတ်ကျင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှဦးစိုးလွင်က Duwun ကိုပြောပါတယ်။

ဓာတ်ပုံ - သပိတ်ကျင်းမြို့နယ် nld ပြန်ကြားရေး

"လောလောဆယ်ကွင်းဆင်းထားတာအရတော့ လူတွေဟန်ချက်ပျက်လောက်အောင်တော့မဖြစ်ပါဘူး၊ အိမ်တွေကတော့ နံရံတွေပျက်စီးသွားတဲ့အတွက် ပြန်ပြင်ရမှာဖြစ်ပါတယ်၊ နောက်ပြီးတော့ကျောင်းတွေ စေတီတွေလည်းအက်သွားတာတချို့ရှိပါတယ်၊ နေထိုင်မှုကိုတော့အနှောင့်အယှက်ဖြစ်တဲ့အထိ မဖြစ်ပါဘူး၊ အုတ်နံရံပြိုကျတာတွေရှိပါတယ်၊ စာသင်ကျောင်းတချို့တော့ ကျောင်းနံရံအက်တာခြံစည်းရိုးပြိုတာရှိပါတယ်၊ ဘုန်းကြီးကျောင်းကျတော့ တစ်ချို့ကမုခ်ဦးပျက်တာ မုခ်ဦးအပေါ်ကအချွန်အတက်တွေပြုတ်ကျသွားတာပါ" လို့ ၎င်းကပြောပါတယ်။

ငလျင်ဒဏ်ကို သပိတ်ကျင်းမြို့နယ်အတွင်းကကျေးရွာတွေဖြစ်ကြတဲ့ ကြာညှပ်ရွာ မြင်သာရွာ သီးကုန်းရွာ ဝါးရုံကုန်းရွာ ပုတီးဖြူရွာ ကိုးပင်ရွာနဲ့ဒေါင်းပန်းရွာတို့ အများဆုံးခံခဲ့ကြရတာဖြစ်ပြီး အဲဒီကျေးရွာတွေက ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းတွေ၊ လူနေအိမ်ခြေနဲ့သာသနိက အဆောက်အအုံတွေပျက်စီးမှုတို့ရှိခဲ့တာပါ။

ဓာတ်ပုံ - သပိတ်ကျင်းမြို့နယ် nld ပြန်ကြားရေး

"ကြာညှပ်ရွာကဘုန်းကြီးကျောင်းတစ်ကျောင်းနှစ်ကျောင်းနဲ့စေတီတွေပျက်ပါတယ်၊ ကျောက်နံရံတွေပျက်ပါတယ်၊ နောက်ပြီးတော့ မြင်သာရွာကဘုန်းကြီး ကျောင်းတစ်ကျောင်းလည်းပျက်စီးမှုတွေရှိပါတယ်၊ အားလုံးပေါင်းရင်ဘုန်းကြီးကျောင်းက ၆ ကျောင်းပျက်စီးမှုဖြစ်ပါတယ်၊ လူနေအိမ်ခြေကတော့ တစ်ရာကျော်မယ်ဗျ၊ ကြာညှပ်ရွာကအပျက်အစီးအများဆုံးပါ"လို့လည်း ၎င်းကဆိုပါတယ်။

နိုဝင်ဘာ ၂၈ ရက်ည ၉ နာရီ ၉ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့ရဲ့အရှေ့မြောက်ဘက် ၂၃ မိုင်အကွာကိုဗဟိုပြုလို့ အင်အားရစ်ချ်စတာစကေး ၅ ဒသမ ၄ ရှိတဲ့ မြေငလျင်တစ်ခုလှုပ်ခတ်သွားခဲ့တာမှာ ငလျင်ဒဏ်ကြောင့် သပိတ်ကျင်းမြို့နယ်အတွင်းမှာ လူနေ အိမ်ခြေစာသင်ကျောင်းနဲ့သာသနိကအဆောက်အအုံတွေပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့ပြီး လူအသေအပျောက်တော့မရှိဘူးလို့ သပိတ်ကျင်းမြို့နယ် သဘာ၀ ဘေးစီမံခန့်ခွဲရေးကော်မတီဆီကသိရပါတယ်။


က္က