အလုပ်ရှင်တွေနဲ့ရွေးကောက်ပွဲကော်မရှင်တို့ ဆောင်ရွက်ပေးမှ ပြည်တွင်းရွှေပြောင်းလုပ်သားတွေ မဲပေးခွင့်ရနိုင်မှာပါ။

နေရာဒေသတစ်ခုမှာ ရက်ပေါင်း ၉၀ နေထိုင်သူဟာ မိမိရောက်ရှိရာမြို့နယ်မှာမဲပေးခွင့်ရှိတယ်ဆိုတဲ့အချက်ဟာ ဧည့်စာရင်းမတိုင်ထားတဲ့ ပြည်တွင်းက ရွှေပြောင်းအလုပ်သမားတွေ မဲပေးခွင့်ဆုံးရှုံးရမယ့် အနေအထားဖြစ်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် လာမယ့်ရွေးကောက်ပွဲမှာ အလုပ်သမားတွေ ကိုယ်စားပြုပြီး တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ဦးဆောင်ကော်မတီကနေရွှေ့ပြောင်းလုပ်သားတွေ မဲပေးခွင့်ရရှိဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြတောင်းဆိုသွားမယ်လို့ ဆိုပါတယ်။



" ခုအချိန်မှ ဧည့်စာရင်းတိုင်ပြီး မဲပေးဖို့ကဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူး။ဒီတော့ရွေးကောက်ပွဲကော်မရှင်အနေနဲ့အလုပ်ရှင်ဆီကနေအလုပ်သမား စာရင်းတောင်းပြီး မဲပေးနိုင်အောင် ပူးပါင်းလုပ်မှပဲရမယ့် အခြေအနေဖြစ်နေတယ်။ ခုချိန်မှ ဒီရပ်ကွက်မှာ ရက် ၉၀ နေထိုင်ကြောင်းကို ဘယ်သူကနေ ထောက်ခံပေးမှာလဲ။ ဒါကြောင့် မကြာခင်မှာ အစည်းအဝေးလုပ်ပြီး တောင်းဆိုသွားမှာပါ"လို့ လာမယ့်ရွေးကောက်ပွဲမှာ လယ်သမား၊အလုပ်သမားများ ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုသက်နှင်းအောင်ကပြောပါတယ်။

ဓာတ်ပုံ- လှိုင်သာယာမြို့နယ်အတွင်းက စက်ရုံတစ်ခုကို တွေ့ရစဉ်။

ရန်ကုန်တိုင်းအတွင်း ပြည်တွင်း ရွှေ့ပြောင်းလုပ်သားအများဆုံးနေထိုင်တာက လှိုင်သာယာ မြို့နယ်ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့  (၂၀၁၅) ရွေးကောက်ပွဲတုန်းကလည်း မြို့နယ်နေ လူဦးရေရဲ့(၃၇) ရာခိုင်နှုန်းလောက်သာ မဲပေးခွင့်ရခဲ့တဲ့ အခြေအနေတွေရှိခဲ့တယ်လို့လည်းသိရပါတယ်။

ဒါကြောင့် ၂၀၂၀ခုနှစ် နိုဝင်ဘာ (၈) ရက်မှာကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေမှာ ပြည်တွင်းရွှေ့ပြောင်းလုပ်သားတွေ မဲပေးခွင့်မဆုံးရှုံးရအောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း အလုပ်သမားကိုယ်စားပြု ရွေးကောက်ပွဲယှဉ်ပြိုင်မယ့် သူတွေက ဆိုပါတယ်။

လာမယ့်ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းတွေကို ဇူလိုင်လ ၂၅ ရက်ကနေ သြဂုတ်လ ၁၄ ရက်အထိ ကြေညာထားပြီး မှားယွင်းတာတွေ၊ပြင်ဆင်ဖြည့်စွက်လိုတာတွေကို သက်ဆိုင်ရာ ကော်မရှင်ရုံးခွဲတွေမှာ တင်ပြပြီး ပြင်ဆင်နိုင်တယ်လို့ လည်း သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၇ သန်းကျော်ရှိတယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်ပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါတယ်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က