ပိုးတွေ့ရှိမှုလျော့နည်းလာပေမယ့် ကျန်းမာရေးသတိပေးချက်တွေကိုတော့ ဆက်လက်လိုက်နာဖို့ ပြောပါတယ်။
Mi Thawdar Aung

မြန်မာနိုင်ငံမှာ ဓာတ်ခွဲအတည်ပြုလူနာတွေအနက် ၆၂ ရာခိုင်နှုန်းခန့်က ရောဂါလက္ခဏာ မပြဘဲ ပိုးတွေ့ခဲ့တာကြောင့် ပြည်သူလူထုအတွင်းမှာ ရောဂါကူးစက်ခံထားရပေမယ့် ရောဂါလက္ခဏာ မပြသူတွေ ဒါမှမဟုတ် သာမန်ရောဂါလက္ခဏာရှိသူတွေ ရှိနေနိုင်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးက သတိပေးပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အခုရက်သတ္တပတ်အတွင်း လူနာသစ်တွေ့ရှိမှုတွေ အနည်းငယ် လျော့နည်းကျဆင်းသွားခဲ့ပေမယ့် ဘယ်သူမဆို ရောဂါလက္ခဏာ မပြဘဲ ပိုးရှိနေနိုင်တာကြောင့် ကျန်းမာရေးအသိပညာပေးချက်တွေကို တိတိကျကျ ဆက်လက်လိုက်နာကျင့်သုံးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒီကနေ့ မေလ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ COVID-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရေး ပြည်သူတွေ ပေါ့ဆမှုမရှိစေဘဲ ကျန်းမာရေးလမ်းညွန်ချက်တွေကို ဆက်လက်လိုက်နာကြဖို့ သတိပေးပန်ကြားချက်မှာ ထည့်သွင်းပြောကြားခဲ့တာပါ။

နိုင်ငံအချို့မှာ ရောဂါကူးစက်ဖြစ်ပွားမှုတွေ ကျဆင်းလာလို့ ဖြေလျှော့မှုတွေ လုပ်ခဲ့ရာမှာ တစ်ကျော့ပြန်ကူးစက်မှုတွေ မြင့်မားလာတာကို တွေ့ရခြင်း၊ COVID-19 ရောဂါဟာ ဗိုင်းရပ်စ်ပိုးအသစ်ကြောင့် ဖြစ်ပွားတဲ့ ရောဂါသစ်ဖြစ်လို့ အခုချိန်ထိ ရောဂါရဲ့ ကူးစက်ပြန့်ပွားမှုပုံသဏ္ဍာန်၊ ပြင်းထန်မှုအတိုင်းအတာ၊ ရောဂါရဲ့ ဖြစ်စဉ်သဘောသဘာဝတွေကို မသိရှိနိုင်သေးဘူးလို့ ဝန်ကြီးကဆိုပါတယ်။

ဒါ့အပြင် ဗိုင်းရပ်စ်ပိုးရဲ့ အပြုအမူနဲ့ သဘောသဘာ၀ ကိုလည်း ရာနှုန်းပြည့်မသိရတဲ့အပြင် ထူးခြားတဲ့ ရောဂါလက္ခဏာအသစ်တွေလည်း ထပ်မံတွေ့နေရတာကြောင့် ဆေးပညာရှင်တွေက ဆက်လက်လေ့လာနေရဆဲဖြစ်တာကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ ပိုးမတွေ့တဲ့အပေါ် ပြည်သူတွေအနေနဲ့ မပေ့ါဆဘဲ ကျန်းမာရေးအသိပညာပေးလမ်းညွန်ချက်တွေကို ဆက်လက်လိုက်နာကြဖို့ ပြောခဲ့တာပါ။

ဒီကနေ့ မေလ ၁၅ ရက် ည ၈ နာရီမှာတော့ ပိုးတွေ့လူနာထပ်တိုးခဲ့ခြင်းမရှိဘဲ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့သူ ၅ ဦးထပ်တိုးလာကာ ရောဂါပိုးကင်းစင်သူ ၈၉ ဦးအထိရှိလာပြီလို့ ထုတ်ပြန်ထားပါတယ်။ အဆိုပါ ပိုးကင်းစင်သူ ၈၉ ဦးထဲက ၇၄ ဦးမှာတော့ ဆေးရုံက ဆင်းခွင့်ရသွားခဲ့ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာကန့်သတ်စောင့်ကြည့်နေတာလည်းဖြစ်ပါတယ်။ လက်ရှိ အချိန်အထိ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ ၁၈၁ ဦး၊ ရောဂါပိုးကင်းစင်သူ ၈၉ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိနေပြီလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က