ပါတီမှလည်းနုတ်ထွက်ခွင့်ပြုခဲ့ပါတယ်။
Ei Ei Htun

ဒဂုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်အနေနဲ့ ပါတီမှနုတ်ထွက်လိုကြောင်း အောက်တိုဘာ(၂၄)ရက်နေ့က စာတင်ခဲ့ပြီး အောက်တိုဘာလ(၂၅)ရက်နေ့ပြုလုပ်တဲ့ ပါတီအလုပ်အမှုဆောင်အစည်းအဝေးမှာ နုတ်ထွက်ခွင့်ကို ခွင့်ပြုခဲ့တယ်လို့ NLDပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။ 

ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က မိမိဆန္ဒအလျောက် ပါတီမှ နုတ်ထွက်လိုကြောင်း တင်ပြလာတဲ့အတွက် ပါတီမှနုတ်ထွက်ခွင့်ပြုလိုက်ကြောင်း NLDပါတီရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ အောက်တိုဘာ (၂၅)ရက်နေ့က ရန်ကုန်မှာကျင်းပပြုလုပ်တဲ့ ပါတီအလုပ်အမှုဆောင်အစည်းအဝေးမှာ နုတ်ထွက်ခွင့်ပြုခဲ့တာပဲဖြစ်ပါတယ်။

“ နုတ်ထွက်ခွင့်ပြုတဲ့စာကတော့ သိပ်မကြာသေးဘူးထုတ်ပြန်ထားတာ။ နုတ်ထွက်ခွင့်ပြုလိုက်တာကတော့ အောက်တိုဘာ(၂၅)အစည်းအဝေးမှာကတည်းက။ သူ့ဘက်က ပါတီကနုတ်ထွက်ခွင့်ပြုဖို့လျှောက်ထားလာလို့ အလုပ်မှုဆောင်အစည်းအဝေးမှာနုတ်ထွက်ခွင့်ပြုခဲ့တာ။ ပါတီကနုတ်ထွက်ပေမယ့် လွှတ်တော်ကိုယ်စားလှယ်ပိုင်းကတော့ တစ်သီးပုဂ္ဂလအနေနဲ့ သက်တမ်းမကုန်ခင်ထိဖြစ်သွားမှာပေါ့။ သူ့ဘက်က နုတ်ထွက်ခွင့်တင်ပြလို့ ကျွန်တော်တို့ဘက်က နုတ်ထွက်ခွင့်ပြုလိုက်တဲ့သဘောပါပဲ။ ကျန်တာထွေထွေထူးထူးမရှိပါဘူး” လို့ NLDပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က Duwun ကိုပြောပါတယ်။

photo - Thet Thet Khaing fb

ပါတီက နုတ်ထွက်ရတဲ့အကြောင်းနဲ့ ပတ်သက်လို့ ဒေါက်တာသက်သက်ခိုင်ကို Duwun က ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ “အောက်တိုဘာ(၂၄)ရက်နေ့က နုတ်ထွက်စာကိုတင်ခဲ့ပါတယ်။ အောက်တိုဘာ(၂၅) ပါတီအလုပ်အမှုဆောင်အစည်းအဝေးမှာ ထွက်ခွင့်ပေးလိုက်တယ်လို့ ဒေါက်တာမျိုးညွန့်ကပြောတယ်။ ကျွန်မပါတီက နုတ်ထွက်ရတဲ့အကြောင်းအရင်းက ပါတီကနေထွက်ပြီးရင် အလုပ်တွေပိုလုပ်နိုင်မယ်လို့ ယူဆပြီး ထွက်တာပါ။ ပါတီအပြင်ကနေပြီး ပြည်သူအကျိုးပြုလုပ်ငန်းတွေကို ဒီထက်ပိုပြီး လုပ်နိုင်သေးတယ်လို့ ယူဆတဲ့အတွက် နုတ်ထွက်ရခြင်းဖြစ်တယ် "လို့ဆိုပါတယ်။ 

ဒေါက်တာ သက်သက်ခိုင်ကို ပါတီက နုတ်ထွက်ခွင့်ပြုကြောင်းကိုတော့ အောက်တိုဘာ(၃၀)ရက်နေ့က အဖွဲ့ချုပ်က တရားဝင်ထုတ်ပြန်ခဲ့တာပါ။

လက်ရှိအချိန်ထိ NLD ပါတီမှ မိမိဆန္ဒအလျှောက်နုတ်ထွက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေမှာ ဒေါက်တာသက်သက်ခိုင်အပြင် မအူပင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း၊ နောက်ထပ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဖေချစ်တို့ရှိခဲ့ပြီး နုတ်ထွက်သူဦးရေနည်းတယ်လို့ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။ 


က္က