လက်ရှိမှာ ပိုးတွေ့လူနာနဲ့ ဆက်စပ်သူတွေကို အသွားအလာကန့်သတ်လိုက်ပြီဖြစ်ပါတယ်။

နေပြည်တော်သမ္မတအိမ်တော်က အစိုးရဝန်ထမ်းတစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာကြောင့် လူနာနဲ့ ဆက်စပ်ထိတွေ့သူ ဝန်ထမ်းအယောက် ၄၀ ကို Facility ကွာရန်တင်းထားလိုက်ပြီး နေပြည်တော် အိမ်တော်သတင်းထောက်တွေကိုလည်း နေအိမ်ကွာရန်တင်းထားရှိထားတယ်လို့ သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့မနက် (၈) နာရီထုတ်ပြန်ချက်အရ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းနေထိုင်သူတစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး အဆိုပါ ပိုးတွေ့လူနာက နေပြည်တော် သမ္မတ အိမ်တော်က အစိုးရအရာရှိကြီးတစ်ဦးဖြစ်တယ်လို့ Duwun က စုံစမ်းသိရှိရပါတယ်။ 



ဒါကြောင့် လူနာနဲ့ ဆက်စပ်ထိတွေ့သူ ဝန်ထမ်းအယောက် ၄၀ ခန့်ကို Facility ကွာရန်တင်းထားရှိပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးသွားမယ်လို့ နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှ ဒုဦးစီးမှူး ဒေါက်တာမျိုးစုကြည်က Duwun ကိုပြောပါတယ်။

“အခု လောလောဆယ်တော့ ခန့်မှန်းခြေ အယောက် (၄၀) ခန့်ကို ကွာရန်တင်းထားထားပါတယ်။ ရုံးဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။ အကုန်လုံးကို ပိုးစစ်မှာပါ။” လို့ ဒေါက်တာမျိုးစုကြည်က ဆိုပါတယ်။ အဆိုပါ ဆက်စပ်ထိတွေ့သူ ဝန်ထမ်းအယောက် (၄၀) ခန့်ဟာ နိုင်ငံတော်သမ္မတရုံးနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ဝန်ထမ်းတွေ ဖြစ်ကြတယ်လို့လည်း သတင်းတွေအရသိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ (၄) ရက် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့ကြတဲ့ နေပြည်တော် အခြေစိုက် သတင်းထောက် အယောက် ၂၀ ခန့်ကို လည်း နေအိမ်ကွာရန်တင်း နေထိုင်ဖို့ ညွန်ကြားထားပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးသွားမယ်လို့လည်း နေပြည်တော်အခြေစိုက် ဧရာဝတီသတင်းဌာနမှ သတင်းထောက် ကို ထက်နိုင်ဇော်က Duwun ကိုပြောပါတယ်။

“ ကျွန်တော်တို့ အဲဒီနေ့က သမ္မတရုံးသတင်းစာရှင်းလင်းပွဲတက်ခဲ့တဲ့ သတင်းထောက် အယောက် ၂၀ ခန့်က နေအိမ်ကွာရန်တင်းနေနေကြပါပြီ။ ကျွန်တော်ကတော့ မနက်ဖြန် ဓာတ်ခွဲနမူနာသွားရောက် စစ်ဆေးခံဖို့ ရှိပါတယ်” လို့ ကိုထက်နိုင်ဇော်က ဆိုပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ နေပြည်တော်ကောင်စီနယ်မြေမှာ ပြည်တွင်းကူးစက်မှုတွေ စတင်ခဲ့တဲ့ သြဂုတ်လ (၁၆) ရက်နောက်ပိုင်းကစလို့ ပိုးတွေ့ထားသူ (၁၄) ဦးရှိခဲ့ရာမှာ အစိုးရဝန်ထမ်းအချို့ပါဝင်နေတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က