COVID-19 နဲ့ပတ်သက်ပြီးပြည်သူတွေကို နှစ်သိမ့်ဆွေးနွေးပညာပေးတွေလည်းလုပ်ဆောင်နေ
Mi Thawdar Aung

COVID-19 ကာလအတွင်းမှာ စားဝတ်နေရေးကို စိတ်ပူနေကြတဲ့ ပြည်သူတွေအတွက် နိုင်ငံတော်က အတတ်နိုင်ဆုံးဆောင်ရွက်ပေးမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဒီနေ့ ဧပြီလ ၂၀ ရက် မနက် ၁၀ နာရီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြတဲ့ ဧရာဝတီတိုင်းပြည်သူတွေနဲ့ ဗီဒီယိုတိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြောသွားခဲ့တာပါ။

“ဝမ်းစာရေးအတွက်၊ စားဝတ်နေရေးအတွက် ပြည်သူတွေ ရဲ့ စိုးရိမ်ပူပန်မှုကိုတော့ နိုင်ငံတော်က အတတ်နိုင်ဆုံးဖြည့်ဆည်ပေးမယ်။ ပြည့်ပြည့်စုံစုံဖြည့်ဆည်းပေးမယ်လို့တော့ ပြောလို့မရဘူး။ တတ်နိုင်ရင်တော့ လုပ်ပေးမှာပေါ့။ နိုင်ငံတော်က ဖွံဖြိုးတိုးတက်နေတဲ့ နိုင်ငံဆိုရင်တော့ ပိုလုပ်ပေးမှာပေ့ါ။ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေတောင်ဒီပြဿနာကို မနိုင်ဘူး။ ရုန်းကန်နေရတာပဲ။ “လို့ အတိုင်ပင်ခံက ပြောကြားသွားခဲ့တာပါ။

လက်တလောမှာ ရောဂါအခြေအနေကြောင့် ပြည်သူတွေအနေနဲ့ အိမ်ထဲမှာ နေရတာများလာတဲ့အခါ စိုးရိမ်ပူပန်မှု၊ အကြောက်တရားမှုတွေ များပြားလာတာကြောင့် စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်မှုတွေ ဆောင်ရွက်ပေးပေမယ့် အားလုံးကို လွှမ်းခြုံနိုင်ခြင်းမရှိဘူးလို့ ဧရာဝတီတိုင်းကြက်ခြေနီအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက အတိုင်ပင်ခံကို တင်ပြပြောဆိုပါတယ်။

လက်ရှိမှာ COVID-19 နဲ့ပတ်သက်ပြိး နှစ်သိမ့်ဆွေးနွေးပညာပေးအစီအစဉ်တွကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ လူကယ်ပြန်ဝန်ကြီးဌာနက လုပ်ဆောင်နေပြီး ဒီထက်ပိုမိုကျယ်ပြန့်အောင် ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောဆိုခဲ့ပါတယ်။ ဧရာဝတီတိုင်းအတွင်း ဆေးရုံတွေမှာ ရောဂါကာကွယ်ရေးပစ္စည်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ မလုံလောက်တာတွေက အဓိက အခက်အခဲဖြစ်တေယ်လို့ ပြည်သူတွေရဲ့ တင်ပြချက်အရသိရပါတယ်။

ဒါ့အပြင် အခြေခံဆေးဝါးပစ္စည်းတွေ အလုံအလောက်မရှိသလို စေတနာ့ဝန်ထမ်းတွေလည်း နည်းပါးနေပြီး Quarantine စင်တာတွေမှာ ကာကွယ်ရေးဝတ်စုံအလုံအလောက်မရှိလို့ ပလတ်စတစ်အိတ်ချုပ်ပြီး ဝတ်နေရတယ်လို့ ဇလွန်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သူ ဦးစောဝင်းထွန်းနိုင်က ပြောခဲ့ပါတယ်။

အဲဒီနောက် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ဆောင်ရွက်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဧပြီလ ၂၀ ရက် မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဖြစ်ပွားသူ ၁၁၁ ဦးအထိ ရှိနေပြီး ဧရာဝတီတိုင်းအတွင်းမှာတော့ လက်ရှိအချိန်အထိ ရောဂါကူးစက်ခံရသူမရှိသေးပါဘူး။


က္က