လက်ရှိမှာတော့ EMC စက်ရုံကို ပိတ်ထားခြင်းမရှိသေးဘူးလို့ စက်ရုံဘက်ကတာဝန်ရှိသူကဆိုပါတယ်

မင်္ဂလာဒုံမြို့နယ်ရှိ  EMC စက်ရုံမှာကိုဗစ်အတည်ပြုလူနာ၁၀ ဦးအထက်ရှိလာပြီဖြစ်လို့ စက်ရုံကိုယာယီပိတ်ပေးဖို့အလုပ်သမားတွေကတောင်းဆိုနေတယ်လို့ မင်္ဂလာဒုံမြို့နယ်၊တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးက ပြောပါတယ်။ 

ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာများလာတဲ့အတွက် သံသယလူနာတွေများလာသလို အလုပ်သမားတွေနေထိုင်ရာ ပတ်ဝန်းကျင်မှာလည်း ခွဲခြားဆက်ဆံမှုတွေရှိလာနေတဲ့အတွက်စက်ရုံကို အချိန်ကာလ နှစ်ပတ်ဖြစ်စေ၊ ၁၀ ရက်ခန့်ဖြစ်စေ ယာယီပိတ်ပေးဖို့တောင်းဆိုနေကြတာဖြစ်ပါတယ်။ 



"စက်ရုံနဲ့အလုပ်သမားတွေဆွေးနွေးညှိနှိုင်းထားတယ်လို့သိရတယ်။ အလုပ်သမားတွေက စက်ရုံကို နှစ်ပတ်ဆို နှစ်ပတ်၊ ၁၀ရက်ဆို ၁၀ရက်ပိတ်ပေးဖို့တောင်းဆိုတယ်ပေါ့။ တကယ်လို့ ပိတ်မယ်ဆိုရင်အလုပ်ရှင်ဘက်ကလုပ်ခလစာဘယ်လိုညှိနိူင်းပေးမလဲ။ နောက်တစ်ခုက အစိုးရဘက်ကနေ စက်ရုံကို ပိတ်လို့ပြောရင်လည်း အလုပ်သမားတွလုပ်ခလစာမရမှာစိုးရိမ်တယ်။ ဒါကြောင့်အစိုးရအနေနဲ့ ညှိနိူင်းပေါင်းစပ်ပေးမယ်။ သူတို့ ပြေလည်မှုအပေါ်လိုက်ပြီး ဆောင်ရွက်ပေးမယ်။ EMC က ပိုးတွေ့လူနာတော်တော်များပြီး ၁၀ ယောက်ကျော်ပြီ၊" လို့ မင်္ဂလာဒုံမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးကပြောပါတယ်။ 

စက်ရုံ ပိတ်လိုက်ပါက ပိတ်ထားစဉ်ကာလအတွင်း အလုပ်သမားတွေရဲ့လုပ်ခလစာပေးချေမှုအပိုင်းနဲ့ပတ်သက်ပြီးအလုပ်ရှင်နဲ့ ဆွေးနွေးရမှာဖြစ်တဲ့အတွက်အလုပ်သမားတွေ တောင်းဆိုတဲ့ စက်ရုံယာယီပိတ်ထားရေး ကိစ္စကို မြို့နယ် ထွေ/အုပ်ကတဆင့် ခရိုင်ကိုတင်ပြထားတယ်လို့သိရပါတယ်။

"စက်ရုံက မပိတ်သေးဘူး။ အလုပ်သမားတွေကတော့ ဆင်းတဲ့သူရှိသလို ရောဂါကြောက်လို့ပြန်သွားကြတာ၊ အိမ်ကမလွှတ်တာရှိနေတယ်။ အဆောင်နေကြသူဆိုလည်းအဆောင်ကလက်မခံချင်တာတို့ ဖြစ်နေတယ်။ခုလူနာပိုများလာတော့ ပိုဆိုးတာပေါ့။ကျွန်တော်တို့လည်း ခုရက်ပိုင်းအလုပ်မဆင်းပါဘူး။ ဘာဆက်ဖြစ်မလဲတော့မပြောတတ်ဘူး"လို့ EMC စက်ရုံအလုပ်သမားတစ်ဦးဖြစ်သူ ကိုဇော်မင်းသွေးကပြောပါတယ်။ လက်ရှိမှာတော့ EMC စက်ရုံကို ပိတ်ထားခြင်းမရှိသေးဘူးလို့ စက်ရုံဘက်ကတာဝန်ရှိသူကဆိုပါတယ်။ ဒါပေမယ့်လည်း အလုပ်သမားတော်တော်များကတော့ အလုပ်ဆင်းတာမရှိဘူးလို့အလုပ်သမားတွေဆီကသိရပါတယ်။ EMC စက်ရုံဟာ အလုပ်သမား ပေါင်း ၈၀၀၀ ဝန်းကျင်ရှိတဲ့ အကြီးစားစက်ရုံတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်သည်။ 

Share

Loading Next Article...
က္က