အမှိုက်ပုံမှာ မှီခိုစားသောက်နေရသူကို ပစ်သွားတာဖြစ်ပါတယ်။

ပလက်စတစ်ကောက်နေတဲ့ သူတစ်ယောက်ကို ကားကျော်တက်ဖို့လမ်းမပေးတာကြောင့် သေနတ်နဲ့ ၄ ချက်ပစ်မှုတစ်ခု တာချီလိတ်မြို့မှာ သြဂုတ်လ ၆ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ တာချီလိတ်ရဲစခန်းကသိရပါတယ်။






လွယ်စီတုံအမှိုက်ပုံအနီးမှာ တဲထိုးနေထိုင်တဲ့ မျိုးကျော်(ခ)ကရင်မ ဆိုသူဟာ ပလက်စတစ်တွေကောက်ဖို့ လက်တွန်းလှည်းနဲ့ ထွက်လာတုန်း လမ်းမှာ အနောက်ဘက်ကနေ 4 wheel drive အပြာရောင်ကားတစ်စီးကျော်တက်ဖို့အတွက်မောင်းလာတာကြောင့် လမ်းဘေးကို လှည်းရွေ့ပေးခဲ့ပေးခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီနောက် ကားက ပလတ်စတစ်ကောက်သူကို ကျော်သွားခဲ့ပေမယ့် နောက်ပြန်ဆုတ်လာပြီး ကားပေါ်က လူတစ်ယောက် သေနတ်နဲ့ ၄ ချက်ဆင့်ပစ်ခဲ့တာလို့ရဲတပ်ဖွဲ့ဆိုပါတယ်။



သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် မျိုးကျော်(ခ)ကရင်မရဲ့ ဝဲဘက်ပေါင်မှာကျည်ဖေါက်ဝင်ဒဏ်ရာ (၁)ချက် ယာပေါင်မှာကျည်ဖေါက်ထွက်ဒဏ်ရာ(၁)ချက်၊ ဝဲဘက်လည်ပင်းမှာ ကျည်ဖေါက်ဝင်ဒဏ်ရာ(၁)ချက် ၊ယာဘက်လည်ပင်းမှာ ကျည်ဖောက်ထွက်ဒဏ်ရာ(၁)ချက် ၊ဝဲလက်ကောက်ဝတ်မှာ ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်နဲ့ကျည်ဖေါက်ထွက်ဒဏ်ရာ(၁)ချက် ၊ စုစုပေါင်း ဒဏ်ရာ(၆)ချက် ရရှိခဲ့ပါတယ်။



သေနတ်နဲ့ပစ်ခတ်သူဟာ အသက် ၃၀ ဝန်းကျင် လောက်ဖြစ်ပြီး ပစ်ခတ်ပြီးနောက် ယာဉ်ပေါ်ပါ နောက်ထပ်အမျိုးသား ၁ ဦးနဲ့ ရှမ်းစကားပြောဆိုခဲ့ပြီး ကားပေါ်ပြန်တက်မောင်းနှင်သွားတယ်လို့ မျိုးကျော်(ခ)ကရင်မ က ရဲစခန်းမှာ ထွက်ဆိုထားပါတယ်။





သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာမှာ 9mm - LUGER ကျည်ခွံ(၄)ခု ၊ အရိုးအသွား ၁၀ လက်မရှိ ဓားတစ်ချောင်းတို့ကို တွေ့ရှိသိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ တွန်းလှည်းနဲ့ ကီလိုကောက်ဖို့ ထွက်အလာ နောက်က ကားကျော်တက်ဖို့ လုပ်နေစဉ်မှာ ကြန့်ကြာသွားတာကြောင့် သနတ်နဲ့ပစ်ခတ်သွားခြင်းဖြစ်နိုင်တယ်လို့ ရဲကသုံးသပ်ပါတယ်။



"သေနတ်နဲ့ လေးချက်အပစ်ခံခဲ့ရတာဆိုတော့ စိုးရိမ်ရတဲ့ အခြေအနေရှိပါတယ်။ ပစ်သွားတဲ့သူတွေကိုတော့ ကျွန်တော်တို့ လိုက်ပြီးစုံစမ်းနေပါတယ်။"လို့ တာချီလိတ် ရဲစခန်းက တာဝန်ရှိသူ ရဲတစ်ဦးကပြောပါတယ်။



အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တာချီလိတ်မြို့မစခန်းမှာ (ပ) ၂၆၃/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၂၆ နဲ့အမှုဖွင့်ပြီး တရားခံ ဖမ်းဆီးနိုင်ရေးဆောင်ရွက်နေတယ်လို့သိရပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က