စက်ရုံတာဝန်ခံကိုတော့ အမှုဖွင့်အရေးယူထားပါတယ်။

ရွှေပြည်သာမြို့နယ်ရှိ PMG အရက်စက်ရုံမှာ ဒီကနေ့မနက် အစော(၁)နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုဟာဆိုရင် စက်ရုံဂိုဒေါင်စောင့်အခန်းမှာ ထွန်းထားတဲ့ ခြင်ဆေးခွေကနေ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

photo- ဂရုဏာကမ်းလက် လူမှုကူညီရေးအသင်း

မီးလောင်မှုကို အချိန် (၄)နာရီကျော်ကြာ level 3 အဆင့်နဲ့ မီးငြှိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။ 

“ စက်ရုံဂိုဒေါင်စောင့်က ခြင်ကိုက်လို့ ခြင်ဆေးခွေထွန်းရာကနေ ခြင်ဆေးခွေကနေတစ်ဆင့် ဘေးမှာရှိတဲ့ ဂျက်ဖာပုံးတွေကို မီးကူးစက်ပြီး စတင်လောင်တာပါ။ 

မနက်(၁)နာရီကနေစလောင်တာ (၅)နာရီလောက်မှ မီးငြိမ်းတယ်။ မီးလောင်မှုနဲ့ ပတ်သက်ပြီး စက်ရုံတာဝန်ခံကိုတော့ အမှုဖွင့်ထားပါတယ်”လို့ ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူး ဦးသွင်ယုနိုင်က Duwun ကိုပြောပါတယ်။

မီးလောင်မှုကြောင့် အဆောက်အဦတစ်ခု၊ စက္ကူဂျက်ဖာပုံး ဒါဇင်(၁၀၀၀)၊ အရက်ပုလင်းဖာ (၁၀၀)နဲ့ ကားတစ်စီးဦးခေါင်းပိုင်းတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး အားလုံးဆုံးရှုံးမှုတန်ဖိုး (၃၂)သိန်းရှိတယ်လို့ သိရပါတယ်။

မီးလောင်တဲ့နေရာက အရက်ချက်စက်ရုံဖြစ်သလို မီးများတဲ့ အတွက် မီးသတ်ယာဉ်တွေစထွက်ခဲ့ကတည်းက level 2အဆင့်ယာဉ်တွေစထွက်တာဖြစ်ပြီး နာရီဝက်အတွင်းမှာပဲ level 3 ဖြစ်သွားတယ်လို့ ဆိုပါတယ်။ 

အဆိုပါမီးလောင်မှုအတွင်းမှာတော့ ဒဏ်ရာရရှိခဲ့သူမရှိခဲ့ဘဲ မီးသတ်အင်အား (၆၀၀)ကျော် ၊ မီးသတ်ယာဉ်အစီး(၄၂)စီးနဲ့ ရေသယ်ယာဉ် (၂၀)နီးပါးတို့နဲ့ မီးငြှိမ်းသတ်ခဲ့ရတယ်လို့သိရပါတယ်။





က္က