လူနာအမှတ် ၁၂၃၆ ဖြစ်ပါတယ်။

သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ ပိုးတွေ့လူနာအမှတ် ၁၂၃၆ က ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးပြီး သေဆုံးသွားခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ယနေ့မနက် ၈ နာရီခွဲမှာ သတင်းထုတ်ပြန်ပါတယ်။

လူနာဟာ ဆီးချိုရောဂါအခံရှိတဲ့အပြင် နာတာရှည်ကျောက်ကပ်ပျက်စီးခြင်း ခံစားနေရပြီး စက်တင်ဘာ ၅ ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်အချိန်မှာ သေဆုံးခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ လူနာအမှတ် ၁၂၃၆ ဟာ စက်တင်ဘာ ၅ ရက် ည ၈ နာရီမှာ ဝန်ကြီးဌာနရဲ့ ပိုးတွေ့လူနာစာရင်းထုတ်ပြန်ချက်မှာ ပါဝင်တာဖြစ်ပြီး လက်ရှိ လူနာရဲ့ အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ 



​'' လူနာက ၄ ရက်နေ့က ဖျားတယ်။အသက်ရှူကြပ်တယ်ဆိုပြီး ဆေးရုံလာတက်တယ်။ နောက်တစ်နေ့မှာ ဆုံးသွားတာပါ။ ဆီးချိုလဲရှိတယ်။ ကျောက်ကပ်လည်းမကောင်းတော့ဘူး။ အဆုတ်ရောင်တာလဲရှိတယ်။ အသက်ကလဲ ၆၇ နှစ်ရှိပြီ'' လို့ သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဦးစောအောင်ရွှေဖြူက Duwun ကိုပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်ကလည်း ဝေဘာဂီဆေးရုံကြီးမှာတက်ရောက်ကုသနေတဲ့ ပိုးတွေ့လူနာအမှတ် ၁၀၂၃ သေဆုံးသွားခဲ့ပါတယ်။ အဆိုပါလူနာဟာလည်း အရေပြားလေးဖက်နာ ရောဂါအခံရှိတဲ့အပြင် ကျောက်ကပ်ပျက်စီးတာလည်း နောက်ဆုံးအဆင့် ရောက်နေပြီး ရုတ်တရက် နှလုံးစည်းချက်မမှန်ဖြစ်ကာ နှလုံးအမောဖောက်ခြင်းကြောင့် သေဆုံးသွားခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ စက်တင်ဘာ ၆ ရက် မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၃၁၉ ဦးရှိပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာပြီလို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က