အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဂျပန်ခရီးစဉ်အတွင်းမှာ ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတွေဖြေရှင်းနိုင်ရေးအတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ဂျပန်အစိုးရက ဆက်လက်အကူအညီပေးသွားမယ်လို့ ဂျပန်နိုင်ငံဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးတို့ တိုကျိုမြို့က နိုင်ငံတော် ဧည့်ဂေဟာ မှာ တွေ့ဆုံစဉ်

Photo- Myanmar State Counsellor Office

ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးတို့ အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းက တိုကျိုမြို့က နိုင်ငံတော် ဧည့်ဂေဟာ မှာ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြရာမှာ ဂျပန်နိုင်ငံက ဝန်ကြီးချုပ်အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အကူအညီပေးရေးကိစ္စတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

တွေ့ဆုံရာမှာ မြန်မာ-ဂျပန် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်ရေး၊ သီလဝါစက်မှုဇုန် အပါအဝင် မြန်မာ-ဂျပန် စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေကို တိုးမြှင့်သွားရေးကိစ္စတွေအပြင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာမှာ ပူးပေါင်းရေးတွေကို ဆွေးနွေးခဲ့ကြတာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့ (JETRO) ဥက္ကဌဦးဆောင်တဲ့အဖွဲ့နဲ့ ဆက်လက်တွေ့ဆုံခဲ့ပြီး ဂျပန်နိုင်ငံက ကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး၊ကုန်ထုတ်လုပ်မှုတွေမှာ လာရောက်ရင်းနှီးမြုပ်နှံဖို့ ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း စီးပွားရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာ အဟန့်အတား ဖြစ်စေတဲ့ လုပ်ထုံးလုပ်နည်းတွေကို ဖယ်ရှားခြင်း၊ အင်တာနက်ကတစ်ဆင့် စီးပွားရေးလုပ်ငန်းတွေကို မှတ်ပုံတင်ခွင့်ပြုခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ငွေကြေးကဏ္ဍကို ဦးစားပေးတဲ့ ဝန်ကြီးဌာန အသစ်တစ်ခုကို ဖွဲ့စည်းခဲ့ခြင်းနဲ့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းသစ် တစ်ရပ်ကို ထုတ်ပြန်ခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။

ဘဏ်လုပ်ငန်းဆိုင်ရာ ကဏ္ဍမှာလည်း လက်ရှိ မြန်မာနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်နေတဲ့ ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြားဘဏ်ခွဲ ၁၃ ခုအပြင် နောက်ထပ် ဘဏ်ခွဲတွေ ပိုမိုဝင်ရောက်လာဖို့ ခွင့်ပြုသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ တိုးတက်မှုနှုန်းဟာ ၂၀၁၉ ခုနှစ်မှာ ၆.၈ ရာခိုင်နှုန်း အဖြစ် ဆက်လက်ထိန်းထားနိုင်မယ်လို့ ခန့်မှန်းထားပြီး အာဆီယံဒေသမှာ တတိယမြောက် စီးပွားရေးအမြန်ဆုံးတိုးတက်နေတဲ့ နိုင်ငံဖြစ်လာမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ ဒေသတွင်းမှာ စီးပွားရေးအတိုးတက်ဆုံးနိုင်ငံဖြစ်လာမယ်လို့ ခန့်မှန်းထားတယ်လို့သိရပါတယ်။

မြန်မာအစိုးရက လက်ရှိမှာ ဂျပန်နိုင်ငံအပြင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို ကြိုဆိုနေပြီး အသွင်ကူးပြောင်းမှုတွေမှာ အတူတကွလက်တွဲပြီး ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဂျပန်ဧကရာဇ် နာရူဟီတို၏ ထီးနန်းတက်ပွဲ အခမ်းအနားကို တက်ရောက်ဖို့ အောက်တိုဘာ ၂၀ ရက်နေ့ကတည်းက ဂျပန်နိုင်ငံကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။



က္က