လူနာ နံပါတ်(၇၉)နဲ့ ထိတွေ့ခဲ့သူတွေဖြစ်ပါတယ်။
Ei Ei Htun

ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဒီနေ့ ထပ်တိုးခဲ့တဲ့ ထပ်တိုးလူနာ(၇)ဦးမှာ ကျောက်တံတားမြို့နယ်က(၂)ဦးနဲ့ လှိုင်မြို့နယ်က (၂)ဦးက Pan Pacific ကဝန်ထမ်းတွေဖြစ်ပြီး လူနာနံပါတ် (၇၉)နဲ့ ထိတွေ့ခဲ့သူတွေဖြစ်တယ်လို့ သက်ဆိုင်ရာ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကျောက်တံတားနဲ့ လှိုင်မြို့နယ်က အခုမှ အတည်ပြုလူနာပထမဆုံးတွေ့ရှိတဲ့ မြို့နယ်တွေဖြစ်ပြီး တာဝန်ရှိသူတွေအနေနဲ့ လူနာတွေနေထိုင်ရာနေအိမ်တွေကိုလည်း Lock Down လုပ်ဖို့ပြင်ဆင်နေပြီလို့ပြောပါတယ်။ 

“ ကျောက်တံတားမြို့နယ်က ဒါပထမဆုံးရောဂါကူးစက်မှုပါ။ ဒီနေ့တွေ့တဲ့ နှစ်ယောက်က တစ်ဦးက (၃၆)လမ်း၊ တစ်ဦးက ဗိုလ်အောင်ကျော်လမ်းကပါ။ ဗိုလ်အောင်ကျော်လမ်းက ကျောက်တံတားနဲ့ ဗိုလ်တစ်ထောင်တစ်ခြမ်းစီစာရင်းဝင်ဆိုတော့ ဘယ်ဘက် အခြမ်းလဲဆိုတာသေချာသိသေးဘူး၊ အခု စစ်ဆေးဖို့သွားနေပါတယ်။ သိရသလောက်တော့ Pan Pacific ဟိုတယ်ဝန်ထမ်းတွေလို့ သိရပါတယ်” လို့ ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦနေမျိုးထက်က Duwun ကိုပြောပါတယ်။ 

လှိုင်မြို့နယ်က ပထမဆုံးစတွေ့ခဲ့တဲ့လူနာနှစ်ဦးနေထိုင်တဲ့ အောင်မေတ္တာ (၁)လမ်းက နေအိမ်နဲ့ (၂)ရပ်ကွက် (၅)လမ်းက နေအိမ်တွေကို lock Down လုပ်ဖို့ လုပ်ဆောင်နေပြီလို့ လှိုင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက Duwun ကိုပြောပါတယ်။

“ အခုလူနာတွေက အစကတည်းက ဟိုတယ်Quarantine ထားတာတဲ့သူတွေဆိုတော့ သူတို့နေအိမ်တွေကို lock down လုပ်ပါမယ်။ လမ်းတွေကိုတော့ မလုပ်တော့ပါဘူး။ ပြီးတော့ နှစ်ယောက်လုံးက ဟိုတယ်ဝန်ထမ်းတွေလို့ သိရပါတယ်။ အရင်သူတို့နဲ့ အလုပ်တူတူလုပ်တဲ့ ဟိုတယ်က အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိထားတယ်လို့ သိရပါတယ်။ နေ့လယ်လောက်ကျရင်တော့ သူတို့ရဲ့ အချက်အလက်တွေအတိအကျသိရမှာပါ” လို့ ဦးကျော်ကျော်ထွန်းကပြောပါတယ်။ 

လူနာ နံပါတ်(၇၉)က Pan Pacific က ဟိုတယ်ဝန်ထမ်းတစ်ဦးဖြစ်ပြီး သူ့မှာ ရောဂါပိုးတွေ့ရှိခဲ့စဉ်ကတည်းက ဟိုတယ်ကို lock down လုပ်ထားသလို သူနဲ့ ထိတွေ့ခဲ့တဲ့သူတွေကိုလည်း Quarantine ထားရှိထားတာဖြစ်ပါတယ်။

လူနာနံပါတ်(၇၉)ကတစ်ဆင့် အလုပ်တူတူလုပ်တဲ့ စမ်းချောင်းက လူနာတစ်ဦးကိုလည်း ကူးစက်မှု ရှိထားခဲ့ပြီဖြစ်လို့ အခုဆိုရင် Pan Pacific က ဝန်ထမ်းတွေမှာ ရောဂါပိုးကူးစက်မှုက (၅)ဦးအထက်ရှိနေပါပြီ။






ဆက်စပ်အကြောင်းအရာများ


က္က