အစကတည်းက ပုဂံဘုရားတွေကို တရားဝင်ဖွင့်လှစ်ခွင့်မပေးထားပါဘူး။

ပုဂံက တန်ခိုးကြီးဘုရားတွေဖြစ်တဲ့ ဘုရား (၁၇) ဆူကို ဒီကနေ့ကစပြီး ဖူးမြော်ခွင့် အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်ပြီလို့ တာဝန်ရှိသူတွေထံမှသိရပါတယ်။ 

ပုဂံဘုရားတွေကိုသက်ဆိုင်ရာညွှန်ကြားချက်နဲ့ ပြန်လည်ဖွင့်လှစ်ခဲ့တာမဟုတ်ဘဲ သက်ဆိုင်ရာဘုရားဂေါပကအဖွဲ့တွေက ကိုယ့်အစီအစဉ်နဲ့ကိုပြန်လည်ဖွင့်လှစ်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဘုရားဖူးပြည်သူတွေများလာတဲ့ အတွက် COVID သတ်မှတ်ချက်တွေနဲ့ မညီတာကြောင့် တန်ခိုးကြီးဘုရားတွေဖူးမြော်ခွင့်ကို ဒီကနေ့ စပြီး ပိတ်လိုက်တာဖြစ်တယ်လို့ ညောင်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်က Duwun ကိုပြောပါတယ်။



“ဟုတ်ပါတယ်။ အရင်ကတည်းကလည်း ဘုရားတွေကို ဖွင့်ဖို့ မညွှန်ကြားထားဘူး၊ ဂေါပကတွေက ပြည်သူတွေလည်း စိတ်အပန်းပြေအောင်ဆိုပြီး ဘုရားတွေမှာ COVID စည်းကမ်းတွေနဲ့အညီ ပြန်ဖွင့်ခဲ့ကြတာပါ။ ဒီနှစ်ပတ်အတွင်းမှာ ပုဂံက ဘုရားဖူးဧည့်သည်က တော်တော်ကျသွားတယ်။ အခုလာမယ့်အပတ်ကလည်း ပိတ်ရက်တွေရှိတော့ ဘုရားဖူးပြည်သူက များနိုင်တယ်။ အဲတာကြောင့် ပိတ်လိုက်တာပါ” လို့ ဦးမြင့်စိန်ကပြောပါတယ်။

ပုဂံဘုရားတွေအားလုံးကို ဖူးမြော်ခွင့် ပိတ်သိမ်းတာ မဟုတ်ဘဲ တန်ခိုးကြီး ဘုရား (၁၇) ဆူကိုသာ ပိတ်တာဖြစ်ပြီး ဒေသတွင်းလည်ပတ်ခွင့်နဲ့ ဟိုတယ်၊ ခရီးသွားလုပ်ငန်းတွေကိုတော့ ခွင့်ပြုထားတယ်လို့ သိရပါတယ်။ ပြည်သူတွေအနေနဲ့ကလည်း လာမယ့် ပိတ်ရက် (၄)ရက်မှာ ပုဂံကို ဘုရားဖူးသွားကြဖို့ ပြင်ဆင်ထားတာတွေရှိပြီး အခုလို ရုတ်တရက် ဘုရားဖူးခွင့်ကို ပိတ်သိမ်းလိုက်တဲ့အခါမှာ အခက်အခဲတွေရှိသလို ဒေသခံဈေးသည်တွေအနေနဲ့လည်း မျှော်လင့်ချက်တွေမဲ့ကုန်တယ်လို့ သိရပါတယ်။ 

“သူတို့က ရုတ်တရက်ကြီး ထုတ်ပြန်လိုက်တာဆိုတော့ အခက်အခဲတွေတော့ ရှိကုန်တာပေါ့။ ဒေသခံ စီးပွားရှာသူတွေကလည်း ဒီပိတ်ရက်ကို အားထားပြီး အရင်းအနှီးလုပ်ထားတဲ့သူတွေလည်းရှိတယ်။ ခရီးသွားတွေကလည်း အကုန်ပြင်ဆင်ထားကြမှာဘဲ။ တစ်ပတ်လောက် ကြိုထုတ်ပြန်ရင်တောင် အဆင်ပြေနိုင်ပါသေးတယ်။ အခုတော့ အားလုံးမျှော်လင့်ချက်တွေမဲ့ကုန်တာပေါ့” လို့ ပုဂံဒေသခံတစ်ဦးဖြစ်တဲ့ ကိုမင်းမင်းဦးက Duwun ကို ပြောပါတယ်။ 

ပုဂံက တန်ခိုးကြီးဘုရားတွေ ပြန်လည်ဖွင့်လှစ်ဖို့ကို ကြိုတင်ကြေညာမှာဖြစ်ပြီး လက်ရှိမှာတော့ အကန့်အသတ်မရှိပိတ်ထားမှာပါ။ ဒေသတွင်းခရီးသွားလည်ပတ်မှုနဲ့ ဟိုတယ်တွေကိုတော့ COVID စည်းကမ်းတွေနဲ့အညီ ခွင့်ပြုထားမှာဖြစ်လို့ ပုဂံကို လည်ပတ်ခွင့် ပိတ်ပင်ထားတာမျိုးတော့ မဟုတ်ပါဘူး။ လာမယ့် ရုံးပိတ်ရက် (၄) ရက်မှာ ပုဂံမှာ ဘုရားဖူးပြည်သူတွေများပြီး လူစုလူဝေးဖြစ်မှာ စိုးရိမ်တာကြောင့် ဘုရားပေါင်း (၃၇၀၀) ကျော်ထဲက တန်ခိုးကြီးဘုရား (၁၇) ဆူကိုသာ ပိတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က