‌သေဆုံးခဲ့တဲ့အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပါတယ်။

ပုသိမ်-မုံရွာကားလမ်းမပေါ်က ရပ်ထားတဲ့ အိမ်ကားတစ်စီးပေါ်မှာ စခန်းမှူးတစ်ဦး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့သူဟာ ပြည်ခရိုင်၊ပေါင်းတလည်မြို့မှ နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်ကျော်လင်းဆိုသူလို့ သိရှိရပြီး ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို အနီးအနားက ဒေသခံတွေက သြဂုတ်လ ၁ ရက်နေ့ ညပိုင်းက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။


ဖြစ်စဉ်ကတော့ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၁၄၇ မိုင် ၆ ဖာလုံနဲ့ ၇ ဖာလုံအကြား မကွေးတိုင်း၊ ကံမမြို့နယ်၊ အလယ်ချောင်းကျေးရွာအုပ်စုအနီးရပ်ထားတဲ့ အိမ်စီးကားပေါ်မှာ ရဲအုပ်ကျော်ကျော်လင်းကို ညာဘက်နား သွေးယိုစီး ဒဏ်ရာတွေနဲ့အတူ ဝက်ဘလေအမျိုးအစား ခြောက်လုံးပြုးသေနတ်တစ်လက်၊ ကျည် ၄ တောင့် နဲ့ အခွံ ၂ တောင် တွေ့ရှိရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဓာတ်ပုံ- ၁၄၇ မိုင်အနီးမှာ သေဆုံးသူနေသူစခန်းမှူးကို အဆိုပါအိမ်စီးကားပေါ်မှာတွေ့ရစဉ်။

”အဲဒီကားက မနက်ကတည်းကနေ ခုထိ ရပ်ထားတယ်လို့ ဆိုင်ကယ်နဲ့ ကလေးတွေ ပြောတော ကြားတော့ ရာအိမ်မှုးနဲ့အတူသွားကြည့်တယ် ။ ရဲတွေ ရောက်လာတော့ သူတို့က ခရိုင်ကိုအကြောင်းကြား ပြီး မှန်ခွဲပြီးကြည့်တော့သေနေတယ်။ ကားကလော့ချထားတယ်။ သော့ကတန်းလန်း သော့မပါဘဲအပြင်ကလော့ချမရဘူးလို့သိရတယ်။ ကျည်ခွံ၂တောင့်မှာ တစ်တောင့်က စမ်းထားတယ်နဲ့ တူတယ်။ ကားနောက်ခန်းထဲမှာ အဖူးတစ်ခုတေတွ့တယ်။ ခေါင်းပေါက်ထွက်ပြီး မှန်ကို မပေါက်နိုင်လို့ နောက်ခန်းကို ကျတယ်နဲ့ တူတယ်”လို့ မကွေးတိုင်း၊ကံမမြို့နယ် အလယ်ချောင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

သေဆုံးသူ စခန်းမှူးကိုတော့ ကြို့ပင်တိုက်နယ်ဆေးရုံမှာ စစ်ဆေးပြီးညတွင်းချင်း ပေါင်းတလည်မြို့ကို ပြန်လည်ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ စခန်းမှူး ဘာကြောင့်သေဆုံးခဲ့ရတာလဲဆိုတဲ့အကြောင်းရင်းကို သေချာမသိရသေးသလို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ကြို့ပင်တိုက်နယ် ၊ နယ်ထိန်း ဦးဟန်ဘိုဘိုထွန်းက ပြောပါတယ်။ "ဒီကိစ္စနဲ့ပတ်သက်ပြီး လုပ်ကြံခံရတာလား။ သတ်သေတာလားဆိုတာ သေချာပြောလို့မရသေးဘူး။ စစ်ဆေးနေတုန်းပဲရှိသေးတယ်။"လို့ နယ်ထိန်း ဦးဟန်ဘိုဘိုထွန်းက ဆိုပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်)

Share

Loading Next Article...
က္က