လမ်းကြောပိတ်ဆို့မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
Mi Thawdar Aung

ဒီနေ့ အောက်တိုဘာ ၁၁ ရက် နေ့လယ် (၁) နာရီလောက် ပုသိမ်-ရန်ကုန်အဝေးပြေးလမ်းမပေါ် ပန်းတနော်မြို့ မိုင်အနီးမှာ ပုသိမ်ကနေလာတဲ့  ( အိမ့်ခေတ်သစ် ) ခရီးသည်တင်ယာဉ်ဟာ အရှိန်လွန်မောင်းနှင်ပြီး တစ်ဖက်ကလာတဲ့ ကုန်တင်ကားကို ဝင်တိုက်မိခဲ့တယ်လို့ ပန်းတနော်မြို့မရဲစခန်းက အတည်ပြု ပြောကြားပါတယ်။

Photo- Golden Life

အဆိုပါ ယာဉ်တိုက်မှုကြောင့် အသက် ၃၉ နှစ်အရွယ် ကျော်ဇင်ဝင်းဆိုသူ ယာဉ်မောင်းကတော့ နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒဏ်ရာရ ခရီးသည် (၁၃) ဦးကို ပန်းတနော်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

“ အိမ့်ခေတ်သစ်ကားမှာ ရန်ကုန်ပုသိမ် ချောင်းသာငွေဆောင်ကို သွားတဲ့ Town ace ကားပုံစံမျိုး ပေါ့။အရှိန်လွန်ပြီးတော့ ကွန်တိန်နာဘောက်ကားကြီးကို ဝင်တိုက်ခဲ့တာ။ အဓိကကတော့ယာဉ်နှစ်စီး ပဲတိုက်တာပါ။ နောက်က ကပ်ပါလာတဲ့ကားတွေကတော့ နည်းနည်းထိသွားတာပေါ့ “လို့ ပန်းတနော်မြို့မရဲစခန်းမှ ရဲအရာရှိက Duwun ကိုပြောပါတယ်။

ယခုရက်ပိုင်းအတွင်း ခရီးသွားယာဉ်တွေ များပြားလွန်းတာကြောင့် အဝေးပြေးလမ်းတွေပေါ်မှာယာဉ်ကြောပိတ်ဆို့တာတွေ ဖြစ်ပေါ်နေပြီး အခု ယာဉ်တိုက်မှုကြောင့်ပုသိမ်-ရန်ကုန်အဝေးပြေးလမ်းမပေါ်မှာကားတွေသွားလို့မရတဲ့အခြေအနေတွေ ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

“ ယာဉ်တိုက်မှုကြောင့် လမ်းကနည်းနည်းတော့ပိတ်သွားတယ်။ ကျွန်တော်တို့ရဲတပ်ဖွဲ့က ရှင်းလင်းပေးလိုက်ပြီ။ အခုတော့ သွားလို့ရနေပါတယ်” လို့ ရဲအရာရှိက ပြောပါတယ်။

လက်ရှိတော့ အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပုဒ်မ ၃၀၄ (က) အရအရေးယူဆောင်ရွက်ဖို့လုပ်နေတယ်လို့လည်း ပန်းတနော်မြို့မရဲစခန်းကနေ သိရပါတယ်။


က္က