ပုသိမ်မှာ ကွာရန်တင်းဝင်ရင်း ဆွဲကြိုးချ အဆုံးစီရင်မှု ၂ ကြိမ်ရှိနေပြီဖြစ်ပါတယ်။
Ye Yint Htay

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ကွာရန်တင်း ဝင်နေတဲ့ ထိုင်းပြန်အမျိုးသားတစ်ဦး မိမိကိုယ်ကိုကြိုးဆွဲချပြီး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

သေဆုံးအမျိုးသားဟာကွာရန်တင်းဝင်နေတဲ့နေရာကအိမ်သာထဲမှာ မိမိကိုယ်ကို အဆုံးစီရင်တာဖြစ်ပြီး အဲ့ဒီအခြေအနေကို မနေ့ကည ၁၂ နာရီ ၄၅ မိနစ်လောက်မှာ တာဝန် ရှိသူတွေကသိရှိခဲ့တာဖြစ်ပါတယ်။ သေဆုံးသူအမျိုးသားဟာ အသက် ၂၇ နှစ်အရွယ်ရှိပြီး မြန်အောင်ဇာတိဖြစ်ပါတယ်။

သူဟာမဟာချိုင်ဒေသက ဆောက်လုပ်ရေးသုံးပစ္စည်းစက်ရုံမှာ အလုပ်လုပ်ကိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က ကွာရန်တင်းဝင်ခဲ့သူဖြစ်ပါတယ်။သူနေခဲ့တဲ့ကွာရန်တင်းစင်တာမှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူ ၄၀ ကျော်ရှိပါတယ်။

"သေဆုံးသူက ကွာရန်တင်းဝင်နေတဲ့ ၁၀ ရက်အတွင်း စိတ်ဓာတ်ကျတဲ့ လက္ခဏာဘာမှမတွေ့ရဘူး။အပေါင်းအသင်းတွေနဲ့လည်း ပြောဆိုဆက်ဆံမှုရှိတယ်၊ဒါကြောင့် ဒီကိစ္စဟာ မျှော်လင့်မထားတဲ့ ကိစ္စရပ်တစ်ခုလို့ပြောလို့ရတယ်။ တစ်ခုတော့ရှိတယ် မေးကြည့်တဲ့အခါ သူကဟိုမှာအရက်ပုံမှန်သောက်လေ့ရှိသူဖြစ်တယ်။ ဒီမှာတော့ တခါတရံအိပ်မပျော်တာကလွဲလို့မရှိဘူးလို့သိရတယ်"လို့ ဧရာဝတီတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာသီဟအောင်ကပြောပါတယ်။

သေဆုံးသူအမျိုးသားရဲ့ ရုပ်အလောင်းကိုတော့ ဒီကနေ့ဇူလိုင်လ ၄ ရက် နေ့လယ်ပိုင်းက သရောင်းချောင်းသုဿန်မှာ သဂြိုလ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကလည်း ပုသိမ်မှာ ကွာရန်တင်းဝင်နေတဲ့ တရုတ်ပြန်တစ်ယောက်ဟာ မိမိကိုယ်ကို ဆွဲကြိုးချ အဆုံးစီရင်ခဲ့ပါသေးတယ်။ဒါကြောင့် ပုသိမ်မှာ ကွာရန်တင်းဝင်ရင်း ဆွဲကြိုးချ အဆုံးစီရင်သူ ၂ ကြိမ်ရှိနေပြီဖြစ်ပါတယ်။

ကွာရန်တင်းကာလဟာ ၂၁ ရက် ကြာမြင့်တာကြောင့် ဒီကာလမှာ ကွာရန်တင်းဝင်နေသူတွေဟာ စိုးရိမ်ပူပန်မှု ၊ အိမ်ကိုစိတ်မချမှုတွေ ကြုံတွေ့ခံစားလေ့ရှိတာကြောင့် ကွာရန်တင်းဝင်သူတွေကို စကားများများ ပြောပြီး ပြသာနာ အဖြေရှာဖို့ နည်းလမ်းနဲ့ဆောင်ရွက်ရမယ်လို့ ဒေါက်တာသီဟအောင်က ပြောပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ


Author


က္က