ပုလဲမီးသတ်တပ်ဖွဲ့ဝင်အားလုံး စခန်း Lockdown ချပြီး နေထိုင်နေရပါတယ်။
Ei Ei Htun

စက်တင်ဘာလ (၁၁)ရက်နေ့က ပုလဲမီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်ကူညီပေးခဲ့တဲ့ သေဆုံးသူ အမျိုးသမီးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့ဝင်အားလုံး ဒီကနေ့ကစပြီး စခန်းမှာပဲ lock down ချကာ နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။

“ အဲဒီနေ့က ညနေ (၅)နာရီထိ အလောင်းကို ဘယ်သူမှ လာသယ်မယ့်သူမရှိဆိုလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း အကူအညီတောင်းတာနဲ့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက PPE ဝတ်စုံအပြည့်နဲ့ပါပဲ အလောင်းကို သွားသယ်ပြီးဆေးရုံကို သွားပို့ပါတယ်။ သေဆုံးသူမှာ ကိုဗစ်ပိုးတွေ့တာက အခုမနက်ထုတ်ပြန်မှ သိရတာ။ အခုကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေလည်း စခန်းမှာပဲ lock down သဘောမျိုးနေနေပါတယ်”လို့ ပုလဲမီးသတ်စခန်းတာဝန်ခံ ကိုထက်လင်းအောင်က Duwun ကိုပြောပါတယ်။

သေဆုံးသူ အမျိုးသမီးက လူနာအမှတ် (၇၇၅) တွေ့ရှိထားတဲ့ လိုင်းခန်းပိုင်ရှင်ဖြစ်ပြီး အဲဒီလိုင်းခန်းထဲမှာ သေဆုံးနေတာဖြစ်လို့ ပုလဲမီးသတ် တပ်ဖွဲ့က သွားရောက်ကူညီပေးခဲ့တာဖြစ်ပါတယ်။ ပုလဲမီးသတ်စခန်းကတပ်ဖွဲ့ဝင်တွေအနေနဲ့ ကိုဗစ်ကာလအတွင်း ကူညီရေးလုပ်ငန်းတွေကို နေ့စဉ် နေ့ညမရွေးဆောင်ရွက်ပေးလျှက်ရှိပါတယ်။

အခု lock down မိတဲ့ အထဲမှာလည်း တပ်ဖွဲ့ဝင်အားလုံး (၄၀)ကျော်ရှိတယ်လို့ သိရပါတယ်။ ကူညီရေးလုပ်ငန်းတွေနဲ့ အလှူအတန်းလုပ်ငန်းတွေကိုတော့ ဒီကနေ့စပြီး ယာယီရပ်နားသွားမှာလည်းဖြစ်ပါတယ်။ တပ်ဖွဲ့ဝင်တွေအားလုံးကို swabယူပြီး စစ်ဆေးတာကိုတော့ ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်အတိုင်းလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က