နှစ်သစ်ကူးအမှာစကားမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ပြည်သူလူထုအနေနဲ့ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးပဋိပက္ခ ထောင်ချောက်ထဲကို မဝင်မိစေအောင် အထူးဂရုစိုက်စေလိုတယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

Photo - Myanmar President Office


အစိုးရအနေနဲ့ ဘယ်လို အခက်အခဲ၊ စိန်ခေါ်မှု၊ အကျပ်အတည်းတွေရှိရှိ ပြည်သူလူထုရဲ့ နားလည်စာနာမှု၊ ပူးပေါင်းပါဝင်မှု၊ ကူညီပံ့ပိုးမှုတွေနဲ့ ဒီမိုကရေစီ ပြည်ထောင်စုခရီးကို ကျော်လွှားအောင်မြင်နိုင်မယ်လို့ အခိုင်အမာ ယုံကြည်ကြောင်း၊ ပြည်သူတွေကလည်း အာရုံပြောင်း လမ်းကြောင်းလွှဲတဲ့ အဖြစ်အပျက်တွေကို သတိပြုကြစေပြီး လှုံဆော်ဖန်တီးမှုတွေကိုလည်း စိတ်ခံစားမှုနဲ့ မတုံ့ပြန်မိကြစေဖု့ိ သတိရှိကြစေလိုတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

အစိုးရအဖွဲ့အနေနဲ့ ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲမှု တွေ လုပ်ခဲ့ရာမှာ ခေတ်အဆက်ဆက်က အမြစ်တွယ်ပြီး ကာလရှည် ဝေဒနာတစ်ရပ်ဖြစ်တဲ့ အဂတိလိုက်စားမှုကို အတိုင်းအတာတစ်ခုအထိ ထိရောက်အောင်မြင်အောင် ကာကွယ်တိုက်ဖျက်နိုင်ခဲ့ပြီး တရားဥပဒေနဲ့ အညီ ကျောသားရင်သား မခွဲခြားဘဲ အရေးယူဆောင်ရွက်နေတယ်လို့ နိုင်ငံတော်သမ္မတက ဆိုပါတယ်။

ဒါ့အပြင် စီးပွားရေးတိုးတက်မှုကို ကြည့်ရာမှာ ပြည်သူ့အစိုးရ စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မတ်လ ၃၁ ရက်အထိ (၃) နှစ်တာကာလအတွင်း မြန်မာနိုင်ငံတွင်းကို ရင်းနှီးမြှုပ်နှံမှုလာရောက်တဲ့ ပြည်ပ နိုင်ငံပေါင်း (၂၂) နိုင်ငံမှ လုပ်ငန်းပေါင်း (၅၈၄) ခုဝင်ရောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၉၉ ဘီလီယံ အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ပထမ (၆) လမှာ စီးပွားရေးတိုးတက်မှု ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့တယ်လို့လည်း သိရပါတယ်။

မူးယစ်ဆေးဝါးဖမ်းဆီးမှု၊ သိမ်းဆည်းလယ်မြေပြသနာ၊ လူ့အခွင့်ရေးချိုးဖောက်ခံရမှု၊ တရားစီရင်ရေး စနစ်၊ အိမ်ရာစနစ် အငြိမ်းစားလစာစနစ်၊ အလုပ်သမားတွေ အနည်းဆုံးအခကြေးငွေ၊ အလုပ်အကိုင်အခွင့်အလမ်း၊ ရွှေ့ပြောင်းအလုပ်သမားအရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်းစတာတွေကို ဆောင်ရွက်နိုင်ခဲ့တယ်လို့ နိုင်ငံတော်သမ္မတရဲ့ နှစ်သစ်ကူး အမှာစကားမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က