တိုင်းအစိုးရကနေစရာစီစဉ်ပေးပေမယ့်တစ်နေ့စာစားသောက်စရိတ်ကိုတော့ Quarantine ဝင်နေသူတွေဆီကကောက်ခံရတာပါ။
Mi Thawdar Aung

ရန်ကုန်မြို့က Quarantine နေရာအချို့မှာ အလှူရှင်တွေ မရှိတာကြောင့် စောင့်ကြည့်လူနာတွေဆီကနေ နေ့စဉ်စားစရိတ်အနေနဲ့ တစ်ဦးကို ငါးထောင်ကျပ်နှုန်းနဲ့ ကောက်ခံနေရတယ်လို့ သိရပါတယ်။

လက်ရှိမှာ COVID-19လူနာတွေနဲ့ ထိတွေ့ဆက်စပ်မှုရှိခဲ့သူတွေကို ရန်ကုန်တိုင်းအစိုးရအနေနဲ့ ကမာရွတ်မြို့နယ်အတွင်းက TTC ကျောင်းဝင်း၊ လှိုင်မြို့နယ်က မြတ်လေးဆောင်၊ အမရာဆောင်၊ ရာမညဆောင်၊မင်္ဂလာဒုံမြို့နယ် ဓမ္မရဝေတောရကျောင်းတိုက် တွေကို စီစဉ်ထားပေမယ့် စားသောက်ဖို့ စရိတ်ကတော့ အလှူရှင်တွေက လှူဒါန်းပေးနေရတာဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က Duwun ကိုပြောပါတယ်။

လက်ရှိ အမရာဆောင်၊ သံပျင်ဆောင်တို့မှာ လှူဒါန်းမယ့်သူမရှိတာကြောင့် လာနေတဲ့သူဆီကနေ စားသောက်စရိတ်တစ်ဦးကို ငါးထောင်ကျပ်နှုန်းနဲ့ ကောက်ခံနေရတယ်လို့လည်းဆိုပါတယ်။

“စားဖို့ကတော့ အစိုးရဘက်ဂျက်မဟုတ်ဘူး။ အလှူရှင်တွေနဲ့သွားနေရတာ။ လက်ရှိအမရာဆောင်မှာဆို အလှူရှင်မရှိတော့ လာနေတဲ့သူတွေဆီကနေ စားဖို့ဆိုပြီး ငါးထောင်ကောက်တာပေါ့။ ဒီနေ့ စောင့်ကြည့်လူနာသစ်တွေထားမယ့် သံပျင်ဆောင်မှာလည်း အလှူရှင်မရှိဘူး။ အဲဒီမှာနေရတဲ့သူတွေက ပေးရတာပေါ့။ ဒါကို တစ်ချို့တွေကလည်း မတတ်နိုင်တော့ အခက်အခဲတွေ ဖြစ်တာပေါ့။” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

အဆိုတော် နီတာမှာရောဂါပိုးတွေ့ရှိပြီးတဲ့နောက် သူနဲ့ဆက်စပ်တဲ့ ဆွေမျိုးသားချင်း မိသားစုဝင် ၁၅ ဦးလုံး TTC Quarantine စင်တာကိုရောက်ရှိနေပြီး ရောက်ရှိနေသူတစ်ဦးရဲ့ ပြောကြားချက်အရ ရောက်ကာစမှာစားသောက်ရေး၊ နေရေးလည်းအဆင်မပြေသလို ကျန်းမာရေးစောင့်ရှောက်မှုတွေလည်းမရှိဘူးလို့ ဆိုပါတယ်။

“ကျွန်တော်တို့ကို သာမိုမီတာတစ်ချောင်းပဲ ပေးထားတာ။ အခန်းတစ်ခန်းမှာ လူ၁၅ ယောက်ကို ကုတင် ၂ လုံးပဲပါတယ်။ အဲဒါနဲ့ ကျွန်တော် ဖေ့ဘွတ်ခ်မှာ Live လွှင့်ပြီး ပြောတယ်။ အဲဒီအခါမှာ တစ်ခုပြီးတစ်ခု လိုက်ဖြည့်ပေးနေပါတယ်” လို့ အဆိုတော်နီတာရဲ့ ယောက်ဖဖြစ်သူ ကိုနေဗလက ပြောပြပါတယ်။

TTC စင်တာမှာလည်းနေ့စဉ် စားသောက်ရေးအတွက် တစ်ဦးကို ငါးထောင်နှုန်းနဲ့ ကောက်နေပြီး လုပ်အားပေးလုပ်ကိုင်သူတွေက ပြင်ပထမင်းဆိုင်တွေနဲ့ ချိတ်ဆက်ပြီး ဝယ်ယူပေးတာမျိုးလည်းရှိနေတယ်လို့ သိရပါတယ်။

“ အစိုးရက နေရာပဲပေးတာ။ မကျွေးထားဘူး။ စားချင်တယ်ဆိုရင်လာပို့တဲ့သူမရှိဘူးဆိုရင် အပြင်က ထမင်းဆိုင်တွေနဲ့ ချိတ်ပြီး လုပ်အားပေးလုပ်တဲ့သူတွေက ဝယ်ပေးတာပေါ့။ ကျွန်တော်တို့က မိသားစုဝင် ၁၅ ယောက်ဆိုတော့ ၂၁ ရက်အထိ ဆိုရင် မတတ်နိုင်ဘူးပေါ့။ ကျွန်တော်တို့ကျတော့ မိတ်ဆွေတွေက ထမင်းချိုင့်လာပို့ပေးတာတွေ ရှိပါတယ်” လို့ ကိုနေဗလက သူရဲ့ Quarantine အတွေ့အကြုံကို ပြောပြပါတယ်။

လက်ရှိမှာတော့ ရန်ကုန်တိုင်းအတွင်းက Quarantine နေရာတွေမှာ အလှူရှင်တွေရဲ့ အကူအညီနဲ့ပဲ စောင့်ကြည့်လူနာတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေရတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်ဦးနေဘုန်းလတ်က ပြောပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ Facility Quarantine နေရာပေါင်း ၂၂ နေရာရှိနေပြီး အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ ၁၃၆၁ ဦးရှိနေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအချက်အလက်တွေအရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က