အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁ နှစ်နဲ့ ငွေဒဏ်ကျခံရနိုင်

နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ Quarantine ဝင်နေစဉ်အတွင်း အမျိုးသားက ဇနီးဖြစ်သူရဲ့ အခန်းကိုကူးပြီး နေထိုင်ခဲ့တာကြောင့် သူတို့ နှစ်ဦးကို အရေးယူထားကာ အဆိုပါ Quarantine နေရာမှာ ကွမ်းယာ၊ဆေးလိပ်တွေ လိုက်လံရောင်းချသူ တစ်ဦးကိုလည်း အရေးယူထားတယ်လို့သိရပါတယ်။

သူတို့ (၃) ဦးစလုံးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၃၀)နဲ့ အရေးယူထားပြီး ဒီနေ့ ဧပြီလ ၁၄ ရက်မနက်ပိုင်းမှာတော့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီဖြစ်တယ်လို့သိရပါတယ်။



“အမျိုးသားဆောင်မှာနေထိုင်သူတစ်ဦးက သူ့ရဲ့ ဇနီးဖြစ်သူရဲ့ အဆောင်မှာ သွားရောက်နေထိုင်တယ်။ နောက်ပြီး Quarantine နေရတဲ့သူက အခြားအခန်းတွေကိုကူးပြီး ကွမ်းနဲ့ ဆေးလိပ်ကို သွားရောက်ရောင်းချတယ်ဆိုပြီးသတင်းရလို့ စစ်ဆေးတဲ့အခါ မှန်ကန်ကြောင်းသိရတဲ့အတွက် အရေးယူဖို့ တိုင်ကြားလိုက်ပါပြီ၊။ ဒီနေ့ မနက်ပဲ ရဲက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ “ လို့ စည်ပင်ဧည်ရိပ်သာ Quarantine စင်တာရဲ့ ကျန်းမာရေး တာဝန်ခံက ဒေါက်တာအုပ်စိုးလင်းက ပြောပါတယ်။

Quarantine နေထိုင်စဉ်အတွင်းမှာ အခန်းပြင်ပ ထွက်ခွာခြင်းမလုပ်ရဘူးဆိုတဲ့ စည်းကမ်းချက် အပါအဝင် အဆောင်စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု မရှိတာကြောင့် အရေးယူတာဖြစ်တယ်လို့ ဒေါက်တာအုပ်စိုးလင်းက ရှင်းပြပါတယ်။

ဧပြီလ ၁၃ ရက် ညနေပိုင်းက Quarantine စင်တာအဖြစ်သတ်မှတ်ထားတဲ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာ (၁) အမျိုးသားအဆောင်မှာ နေထိုင်တဲ့ ဟိန်းစိုးထွန်းဆိုသူက အမျိုးသမီးအဆောင်ရှိ သူ့ရဲ့ ဇနီးနေထိုင်တဲ့ အခန်းကို သွားရောက်နေထိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စည်ပင်ဧည့်ရိပ်သာ (၁) မှာပဲ Quarantine ဝင်နေစဉ်အတွင်း အခြားအခန်းတွေဆီကို ဆေးလိပ်နဲ့ ကွမ်းယားဆေးလိပ်ရောင်းချတာတွေ ပြုလုပ်နေခဲ့တဲ့ ဒေါ်မိုးမိုးဆိုသူကိုလည်း စည်:ကမ်းဖောက်ဖျက်မှုနဲ့ အရေးယူခဲ့တယ်လို့လည်း သိရပါတယ်။

COVID-19 ဗိုင်းရပ်စ်ကူးစက်မှုနှုန်းထိန်းချုပ်မှုအတွက် နိုင်ငံတော်ကထုတ်ပြန်ထားတဲ့ မေတ္တာရပ်ခံချက်တွေကို မလိုက်နာဘူးဆိုရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/၃၀(ဃ)နဲ့ အရေးယူနိုင်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်(၁)နှစ်နဲ့ ငွေဒဏ်ကျခံရနိုင်တယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က