စားသောက်ဆိုင်တွေကို သတ်မှတ်စည်းကမ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားတာပါ။

ကိုဗစ်ကာလမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်စည်းမျဉ်းတွေ ထုတ်ပြန်ပေးပြီး စားသောက် ဆိုင်တွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားပါတယ်။

ပြန်လည်ဖွင့်လှစ်ခွင့်ရရှိတဲ့ စားသောက်ဆိုင်တွေမှာ စားပွဲဝိုင်းတစ်ခုမှာ တစ်ဦးနဲ့တစ်ဦးအကြား အကာအရံ တစ်ခုစီ ထားရှိစေသလို စားပွဲဝိုင်းတစ်ခုနဲ့ တစ်ခုကြားမှာလည်း အနည်းဆုံး ၆ပေကွာ ထားရှိ ရောင်းချစေလျက်ရှိတာပါ။



ဒါပေမယ့်လည်း လက်ရှိမှာတော့ ပြန်လည်ဖွင့်လှစ်ပေးနေတဲ့ စားသောက်ဆိုင်တွေမှာ စားပွဲဝိုင်းတစ်ခုရဲ့ အလယ်မှာ အကာအရံထားရှိထားတာထက် စားပွဲဝိုင်းတစ်ခုနဲ့တစ်အခုအကြား အကာအရံထားရှိဖို့ လိုအပ်တာသာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က လူမှုကွန်ရက်ကတဆင့် ဒီကနေ့မှာ ရေးသားဖော်ပြလာပါတယ်။

“ကားတစ်စီးထဲ အတူ စုလာကြ၊ ဆိုင်ကယ်တစ်စီးထဲပေါ် အတူထိုင်ပြီး လာကြသူတွေ စားသောက်ဆိုင်ရောက်မှ အတူမထိုင်ရဘူးဆိုတဲ့ကိစ္စ။ ဒါက လက်တွေ့အကျိုးရှိမဲ့စည်းကမ်း မဟုတ်လို့ မသတ်မှတ်သင့်တာ တွေ့ရပါတယ်။ အရေးကြီးတာက သူစိမ်းများနဲ့ ထိတွေ့မှု မရှိစေရန် ခွါထားတဲ့ စားပွဲခုံများအကြား အကာတွေ ထားဖို့ပါပဲ။”လို့ အတိုင်ပင်ခံကရေးသားဖော်ပြထားပါတယ်။ 

ဒါ့အပြင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားတဲ့ စားသောက်ဆိုင်တွေမှာ ဆိုင်ဝန်ထမ်းတွေ Mask တပ်ဆင်ကြ သော်လည်း အချို့တွေက face shield၊ လက်အိတ်တို့ မပါတာ တွေ့ရပြီး ဒါတွေဟာ လာရောက် စားသုံးသူများ၊ ဆိုင်ဝန်ထမ်းများ အားလုံးအတွက် အလွန်အရေးကြီးတာကြောင့် ထပ်မံ ညွှန်ကြားဖို့လိုသေးတယ်လို့လည်း ပြောထားပါသေးတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကာလအတွင်း ပြန်လည်ဖြေလျော့မှုတွေကို နိုင်ငံတော်က ပြုလုပ်ပေးလာရာမှာ စားသောက်ဆိုင် လိုင်စင်ရှိတဲ့ ဆိုင်တွေ အကုန်လုံးပြန်လည်ဖွင့်လှစ်ခွင့်ရနေပြီး လက်ဖက်ရည်ဆိုင်၊စားသောက်ဆိုင်တွေအပါအဝင် ယမကာ ဆိုင်တွေလည်း ပြန်လည်ဖွင့်လှစ်ရောင်းချနေပြီ ဖြစ်ပါတယ်။ ဖွင့်လှစ်ခွင့်ရရှိထားတဲ့ စားသောက်ဆိုင်တွေအနေနဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ထားတဲ့စည်းမျဉ်းတွေကို လိုက်နာရမှာဖြစ်ပြီး စည်းကမ်းချက်နဲ့မညီတဲ့ဆိုင်တွေကို ပိတ်သိမ်းတဲ့အထိအရေးယူမယ်လို့လည်း ညွှန်ကြားထားပါတယ်။

Share

Loading Next Article...
က္က