အခုနှစ်မှာ အထက်တန်းကျောင်းသားပေါင်း (၁.၂) သန်းတက်ရောက်မှာဖြစ်ပါတယ်။

အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန် မိမိတို့အနေနဲ့ သတိပြုရမယ့်အချက်မှာ လူနာအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းက လက္ခဏာမပြဘဲ ပိုးရှိနေတယ်ဆိုတဲ့အချက်ဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်ပါတယ်။

ဇူလိုင် ၁၄ ရက်က ပြုလုပ်တဲ့ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြုလုပ်တဲ့ အခြေခံပညာကျောင်းတွေပြန်ဖွင့်ချိန် COVID-19 ကာကွယ်တားဆီးရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဗဟိုအဆင့်ညှိနှိုင်းမှုအစည်းအဝေးမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောခဲ့တာပါ။



ဒီလိုလက္ခဏာမပြဘဲ ပိုးရှိနေနိုင်တောကြောင့် အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ရာမှာ ရောဂါကူးစက်မှုမရှိအောင် ပညာရေးဝန်ကြီးဌာနနဲ့ ထပ်မံတွေ့ဆုံဆွေးနွေးတာဖြစ်ပြီး ကျောင်းတွေ ပြန်ဖွင့်ရင် COVID-19 သံသယလက္ခဏာရှိသူတစ်ဦးကို အတန်းတစ်ခုမှာ တွေ့တယ်ဆိုပါက ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို တာဝန်ရှိသူတွေက သိထားရမယ်လို့ ဝန်ကြီးဒေါက်တာမြင့်ထွေးကဆိုပါတယ်။

Photo- ဇွန်လ ၁၃ ရက်မနက်က အခြေခံပညာအထက်တန်းအဆင့်အတွက် ကျောင်းအပ်လက်ခံစဉ်။

ဒါ့အပြင် ကျောင်းတွေပြန်မဖွင့်မီမှာ ကိုဗစ်နဲ့ ပတ်သက်တဲ့ ကြိုတင်ပြင်ဆင်ထားမှုတွေကို ဝန်ကြီးဌာနနှစ်ခုက တာဝန်ရှိသူတွေဟာ လိုက်လံကွင်းဆင်းစစ်ဆေးရမှာဖြစ်ပြီး လိုအပ်နေတဲ့ကျောင်းတွေကို အမြန်ဆုံးပံ့ပိုးပေးပြီး ကျောင်းပြန်ဖွင့်နိုင်ဖို့ ဆောင်ရွက်ရမှာပါ။

ကျောင်းဖွင့်ချိန် တစ်လျှောက်လုံးမှာ ကာကွယ်ရေးလုပ်ငန်းနဲ့ စည်းကမ်းလိုက်နာတဲ့အခြေအနေတွေကို ပုံမှန်နဲ့ ရှောင်တခင်စစ်ဆေးတာတွေလည်း လုပ်သွားရမှာဖြစ်တယ်လို့ သိရပါတယ်။

ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကတော့ COVID-19 ကပ်ရောဂါကာလ အခြေခံပညာအထက်တန်းအဆင့် ကျောင်းတွေ ပြန်ဖွင့်ရာမှာ သင်ယူမှုမဆုံးရှုံးစေရေး၊ ထိတွေ့မှုလျှော့ချပြီး လူအုပ်စုမဖြစ်ပေါ်ရေးကို အဓိက စီစဉ်ထားတယ်လို့ ပြောခဲ့ပါတယ်။

ကျောင်းဖွင့်တဲ့အခါမှာ အသက်ကြီးသူတွေ ကျောင်းပို့ကြိုမလုပ်ဖို့၊ ကျောင်းပို့ကြိုသူတစ်ဦးပဲသတ်မှတ်ထားဖို့၊ ကျောင်းပို့ယာဉ်တွေရဲ့ ယာဉ်မောင်း၊နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တွေ မှတ်တမ်းထားဖို့၊ ကျောင်းကို ရောက်တဲ့အချိန်မှာ ၆ ပေခြားတန်းစီပြီး ကိုယ်ပူချိန်တိုင်းတာဖို့၊ ကိုယ်ပူချိန်မြင့်သူရှိရင်လည်း အရန်ခန်းမှာ ယာယီထားပြီး ကိုယ်ပူချိန် ပြန်တိုင်းဖို့၊ ကိုယ်ပူချိန်မြင့်မားသူ၊ ဖျားနာသူတွေကိုလည်း ခွင်တိုင်ကြားဖို့နဲ့ ဆေးရုံမှာ ကုသမှုခံယူဖို့၊ ဆေးရုံ၊ ဆရာဝန်၊ သူနာပြုတွေကို ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ထားဖို့ စတာတွေကို စီစဉ်ထားတယ်လို့ သိရပါတယ်။

Photo- ဇွန်လ ၁၃ ရက်မနက်က အခြေခံပညာအထက်တန်းအဆင့်အတွက် ကျောင်းအပ်လက်ခံစဉ်။

တစ်ဦးနဲ့ တစ်ဦး ၆ ပေခွာပြီး စနစ်တကျ ရေနဲ့ ဆပ်ပြာဖြင့် လက်ဆေးတာ ဒါမှမဟုတ် ဟန်းဂျယ်နဲ့လက်ဆေးတာ၊ ၆ ပေစီခြားပြီး စာသင်ခန်းအတွင်း ဝင်ရောက်ကာ သတ်မှတ်နေရာယူဖို့၊ ကျောင်းမုန့်ဆိုင်တွေလည်း ဖွင့်ခွင့်မပြုဖို့၊ ကျောင်းသားအချင်းချင်း ခဲတံ၊ပေတံ၊ခဲဖျက် စတဲ့ ပစ္စည်းတွေကိုလဲလှယ်ခွင့်မပြုဖို့ တို့ကိုလည်း ညွန်ကြားထားပြီးဖြစ်ပါတယ်။

စာသင်ခန်းတစ်ခန်းမှာ လူ ၂၀ စာအတွက်သာ ခုံစီထားပြီး စာသင်ခုံတစ်ခုနဲ့ တစ်ခု ၆ ပေအကွာမှာထားရမှာဖြစ်သလို စာသင်ကြားမယ့် ဆရာမနဲ့ ကျောင်းသား၊ကျောင်းသူအကြားလည်း ၆ ပေခွာပြီးနေကြဖို့ ညွန်ကြားထားတာပါ။ ဖွင့်လှစ်မယ့်အထက်တန်းကျောင်းတွေကိုတော့ ပုံမှန်ဖွင့်တဲ့ကျောင်း၊ တစ်ပတ်ခြားတက်ရမယ့်ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ်တက်ရမယ့်ကျောင်းနဲ့ တစ်ပတ်ခြား နှစ်သုတ် (၃) ရက်တက်ကျောင်းတွေ အဖြစ် စီစဉ်ထားတယ်လို့သိရပါတယ်။

လာမယ့် ဇူလိုင် ၂၁ ရက်မှာ အခြေခံပညာအထက်တန်းကျောင်းပေါင်း (၅၆၃၃) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၁၀၀၀) ကျောင်း၊ ဘုန်းတော်ကြီးသင်အထက်တန်းကျောင်း (၃) ကျောင်း စုစုပေါင်း (၆၆၃၆)ကျောင်း ဖွင့်လှစ်မှာဖြစ်ပြီး အထက်တန်းကျောင်းသားပေါင်း (၁.၂) သန်း တက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က